ဂုံညှင်းတန်း ကျေးရွာအုပ်စုထဲမှာ ဂုံညင်းတန်း၊ ပန်းမောက်ခုံ၊ ပိုက်ချက်၊ ကျုံလတာ စတဲ့ကျေးရွာတွေပါဝင်ပြီး ဒီကျေးရွာတွေမှာ စစ်မှုထမ်း အသက်အရွယ် အကြုံးဝင်သူ တဦးကို ငွေကျပ် ၇ သောင်း ပေးဆောင်နေရပြီး စစ်မှုထမ်း ဆင့်ခေါ်စာ ကျလာရင်လည်း ငွေကျပ် သိန်း ၁၀၀ ထပ်မံ ပေးဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
၁၉၊ ဖေဖော်ဝါရီလ။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်ထဲက ဂုံညှင်းတန်းကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်း အကြုံးမဝင်တဲ့ မိသားစုတွေကိုပါ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ခံနေပြီး စစ်မှုထမ်း ထောက်ပံ့ကြေး ပေးဆောင်နေပေမယ့် ဆင့်ခေါ်စာကျလာရင်လည်း တဦးကို ငွေကျပ် သိန်း ၁၀၀ တောင်းတာတွေ ပြုလုပ်နေပါတယ်။
“ ပြီးခဲ့တဲ့နှစ်က စကောက်တာ စစ်မှုထမ်းမရှိတဲ့ (စစ်မှုထမ်း အကြုံးဝင် အသက်အရွယ်မရှိတဲ့) အိမ်တွေကိုပါ ၃ သောင်းပေးရမယ်ဆိုပြီး ကောက်တာ။ ဌေးဝင်းက (ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး) သူကိုယ်တိုင် ကောက်တာတော့ မဟုတ်ဘူး ” လို့ ဂုံညှင်းတန်းကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတဦးက ဆိုပါတယ်။
ဂုံညှင်းတန်း ကျေးရွာအုပ်စုထဲမှာ ဂုံညင်းတန်း၊ ပန်းမောက်ခုံ၊ ပိုက်ချက်၊ ကျုံလတာ စတဲ့ကျေးရွာတွေပါဝင်ပြီး ဒီကျေးရွာတွေမှာ စစ်မှုထမ်း အသက်အရွယ် အကြုံးဝင်သူ တဦးကို ငွေကျပ် ၇ သောင်း ပေးဆောင်နေရပြီး စစ်မှုထမ်း ဆင့်ခေါ်စာ ကျလာရင်လည်း ငွေကျပ် သိန်း ၁၀၀ ထပ်မံ ပေးဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ အစားထိုး လူတွေကလည်း အများအားဖြင့် ဒီရွာထဲက ငွေလိုတဲ့သူတွေကပဲ အစားထိုးသွားကြတာဆိုတော့ သူတို့တကယ်ရတာက သိန်း ၄၀ – ၅၀ ပဲ။ ဆင့်ခေါ်စာ ကျသူတွေကျ သိန်း ၁၀၀ ပေးရတယ်။ ကျန်တာ သူတို့ယူတာပေါ့။ ဒါလည်း လစဉ် စစ်မှုထမ်း ထောက်ပံ့ကြေး ပေးနေရတာကိုနော် ” လို့ ဒေသခံ တဦးက ဆိုပါတယ်။
ဒီကျေးရွာတွေမှာတော့ လတ်တလော ကာလအထိ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းမှုတွေ မရှိသေးပေမယ့် မော်လမြိုင်ကျွန်းမြို့ထဲက အခြားသော ကျေးရွာတွေနဲ့ ဧရာဝတီတိုင်း အတွင်းက ကျေးရွာတချို့မှာ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းမှုတွေကို ကြားသိနေရတာကြောင့် ကြောက်ရွံ့မှုတွေတော့ ရှိကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့ပေါ်မှာ နေထိုင်တဲ့ စပါးကုန်သည်တဦးကတော့ ယခုလိုမျိုး စစ်မှုထမ်းမရှိတဲ့ မိသားစုတွေကိုပါ ငွေကြေးကောက်ခံနေတာဟာ လပွတ္တာခရိုင်ထဲမှာလည်း နေရာအနှံ့အပြား ဖြစ်နေတယ်လို့ ပြောပါတယ်။