ဧရာ၀တီမြစ်ကမ်းဘေး မြေနုကျွန်းအငြင်းပွားမှု သက်ဆိုင်ရာ ဖြေရှင်းမပေးသေး

“ခြောက်ဦးတည်းနဲ့ သူတို့ လုနေကြတာ၊ သူတို့အုပ်ချုပ်ရေးမှူးက ရောင်းစားထားတာ။ သူတို့ ဝယ်ထားတာပေ့ါ၊ သူတို့ အုပ်ချုပ်ရေးမှူး ရောင်းစားထားတာပေ့ါ”

၁၉၊ ဖေဖော်ဝါရီ။

ဧရာ၀တီတိုင်း ဇလွန်မြို့နယ်အတွင်း ဧရာ၀တီမြစ်ကမ်းဘေး ပေါ်ပေါက်လာတဲ့ မြေနုကျွန်းမြေယာတွေကို ဖားလက်ခုံကျေးရွာအုပ်စုနဲ့ ကတို့ဆိပ်ကျေးရွာအုပ်စုတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားတာတွေ ရှိနေပြီး အဲဒီအပေါ် အဆင့်ဆင့်တိုင်ကြားထားပေမယ့် သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေက တိတိကျကျ ဖြေရှင်း မပေးသေးပါဘူး။

“မြေနုကျွန်းဥပဒေအရ ၂၀၂၃ မှာ ပိုင်ဆိုင်မှုခွဲပြီးသားပေါ့၊ ဖားလက်ခုံအုပ်စုနဲ့ ကတို့ဆိပ်အုပ်စုနဲ့။ အဲဒီလိုခွဲပြီးသား အပေါ် ရွှေသောင်ကျေးရွာက တောင်သူ ၈၁ ဦးက သူတို့ ဝေစုရတဲ့မြေပေါ်မှာ ပဲတွေ၊ ပြောင်းတွေ ဧက ၈၀ စိုက်ပျိုးတယ်ပေ့ါ။ စိုက်ပျိုးထားတဲ့ ပဲ၊ ပြောင်းတွေကို ဖားလက်ခုံကျေးရွာအုပ်စုကနေပြီးတော့ မြို့ နယ် လယ်စီက ဖျက်ခိုင်းတယ်ဆိုပြီးတော့ ပဲတွေအသီးအပွင့်တွေ ဝေတဲ့အချိန်၊ ပြောင်းတွေ အပင်ဖြစ်တဲ့ချိန်မှာ ထွန်စက်အသေးစားလေးတွေ၊ ကိုင်းခုတ်စက်လေးတွေနဲ့ လာရောက်ဖျက်ဆီးသွားတယ်” လို့  ဟင်္သာတမြို့က ပြည်သူ့ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့သူ ဦးစိန်သောင်းက ပြောပါတယ်။

အခုအငြင်းပွားနေကြတဲ့ မြေဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်း သောင်ထွန်းကာ မြေနုကျွန်းဖြစ်လာတဲ့ မြေယာတွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ဇလွန်မြို့နယ် မြေစာရင်းဌာနမှ ဦးစီးမှူး ဦးအေးလွင်ကိုယ်တိုင် နယ်ခြားသတ်မှတ် ခွဲဝေပေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီတုန်းက ကတို့ဆိပ်ကျေးရွာအုပ်စု၊ ရွှေသောင်ကျေးရွာက ဧက တရာကျော် ခွဲတမ်းရရှိခဲ့ပြီး ဒေသခံတောင်သူ တွေကို မဲနှိုက်ခွဲဝေပေးခဲ့ကာ အခွန်အဖြစ် တဧကကို ငါးသောင်းစီ မြေစာရင်းဌာနက ကောက်ခံခဲ့ပါတယ်။ ရွှေသောင်ရွာသားတွေဟာလည်း အဲဒီမြေပေါ် စိုက်ပျိုးလုပ်ကိုင် လာခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကဆိုရင် စစ်ကော်မရှင်ရဲ့ စီမံကိန်းအရ မဖြစ်မနေစိုက်ခိုင်းတဲ့ နေကြာစိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖားလက်ခုံကျေးရွာမှ လူခြောက်ဦးကတော့ အဲဒီမြေတွေဟာ သူတို့မြေဆိုပြီး ရွှေသောင်ရွာသားတွေ စိုက်ပျိုးထားချိန် လာရောက်ဖျက်ဆီးတာတွေ လုပ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ တကြိမ်၊ အခုနှစ်မှာ သုံးကြိမ် လာရောက်ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အဓမ္မ အတင်းဝင်ဖျက်သွားတာပေ့ါ၊ ကျွန်တော်တို့ မေးကြည့်လိုက်တော့ မြို့နယ် လယ်စီ(လယ်ယာမြေစီမံခန့်ခွဲ ရေးကော်မတီ)အဖွဲ့က ဖျက်ခိုင်းတယ်လို့ ပြောတယ်။ မြေစာရင်းနဲ့ ထွေအုပ်တို့ပါတဲ့အဖွဲ့ပေ့ါ၊ အဲလိုပြောပြီး ဖျက်တာ ။ ကိုင်းခုတ်စက်နဲ့ဖျက်တယ်၊ ပေါင်းသတ်ဆေးဖြန်းတယ်” လို့ ရွှေသောင်ကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးကြည်ခိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ သုံးကြိမ်တိုင်လာရောက် ဖျက်ဆီးခဲ့ဖြစ်ပြီး ရွှေသောင်ရွာသားတွေ စိုက်ပျိုးထားကြတဲ့ ပြောင်း၊ ပဲစတဲ့စိုက်ခင်းအားလုံး ပျက်စီးသွားခဲ့ပြီလို့ ဆိုပါတယ်။ “အကုန်ပျက်သွားပြီ။ ကျွန်မတို့မှာ ရင်းထားရတာ ဆယ်သိန်းကျော်လောက် ရှိတယ်” လို့ ရွှေသောင်ရွာမှ အခုအငြင်းပွားနေတဲ့မြေပေါ် ပဲတဧက စိုက်ပျိုးထားတဲ့ မသင်းသင်းခိုင်က ပြောပါတယ်။

အဲဒီမြေယာ ကတို့ဆိပ်ကျေးရွာအုပ်စု ရွှေသောင်းကျေးရွာမှ ဒေသခံ ၈၁ ဦးနဲ့ ဖားလက်ခုံကျေးရွာမှ ဒေသခံ ခြောက်ဦးတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတာဖြစ်ပြီး လက်ရှိမှာ ရွှေသောင်ရွာမှ ဒေသခံတွေ စိုက်ပျိုးလုပ်ကိုင်နေကြတာပါ။

အခုလိုမျိုး လာရောက်ဖျက်ဆီးနေကြတာဟာ မြေစာရင်းဌာနက တာဝန်ရှိသူအချို့နဲ့ ဖားလက်ခုံကျေးရွာ အုပ်ချုပ်ရေးမှူးတို့က သူတို့ရွာသားခြောက်ဦးကို တဧက ခြောက်သိန်းနှုန်းနဲ့ ရောင်းစားထားတာကြောင့် ဖြစ်တယ်လို့ ရွှေသောင်ရွာသားတွေက ပြောဆိုကြပြီး အဲဒီအပေါ် DNA က အတည်မပြုနိုင်ပါဘူး။

“ခြောက်ဦးတည်းနဲ့ သူတို့ လုနေကြတာ၊ သူတို့အုပ်ချုပ်ရေးမှူးက ရောင်းစားထားတာ။ သူတို့ ဝယ်ထားတာပေ့ါ၊ သူတို့ အုပ်ချုပ်ရေးမှူး ရောင်းစားထားတာပေ့ါ” လို့ ရွှေသောင်ကျေးရွာ ရာအိမ်မှူး ဦးကြည်ခိုင်က ပြောပါတယ်။

ရွှေသောင်ရွာသားတွေ ခွဲတမ်းကျရထားပြီး စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ မြေတွေကို ရောင်းစားခဲ့တယ်ဆိုတဲ့ မြေစာရင်းဌာနက ကိုအောင်နိုင်ဝင်းကို DNA အနေနဲ့ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါ ဘူး။

အဲဒီလိုမြေယာတွေ ဖျက်ဆီးခံရတဲ့ကိစ္စ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ နေပြည်တော်ထိပါ တိုင်စာပို့တိုင်ကြားထားပေမယ့် လက်ရှိအချိန်ထိ တစုံတရာဖြေရှင်းတာ မရှိသေးဘူးလို့ ပြောကြပါတယ်။ မြို့နယ်အဆင့် ဇလွန်မြေစာရင်းဌာနက ခေါ်ယူမေးမြန်းတာရှိပေမယ့် ဖြေရှင်းပေးတာ မရှိဘူးလို့ ဆိုပါတယ်။

“ခေါ်စစ်တယ်၊ ဘာလုပ်ချင်လဲလို့ မေးတယ်၊ ကျွန်မတို့က ကျွန်မတို့သီးနှံတွေ ဖျက်ဆီးတဲ့ဟာကို လျော်ကြေး လိုချင်တယ်၊ ကျွန်မတို့အပိုင် မြေပိုင်လည်း လိုချင်တယ်လို့ ပြောလိုက်တယ်” လို့ မသင်းသင်းခိုင်က ပြောပါတယ်။

အဲဒီမြေယာကိစ္စ ပိုင်ပိုင်မှုတွေ ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။

“မြို့နယ်၊ ခရိုင်၊ တိုင်း နေပြည်တော်ထိ တိုင်ထားတယ်။ ပထမတကြိမ်တော့ စစ်တယ်။ အခု ဖားလက်ခုံအုပ်စုက မြေတွေ ခေါ်စစ်တယ်လို့ ပြောတယ်။ စီမံကိန်း တိုင်တယ်၊ ခရိုင်က အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ဘူး။ ကျွန်တော် တို့က ကွင်းနယ်နမိတ်ကို မှန်မှန်ကန်ကန်နဲ့ ပြန်လည်ရရှိဖို့လိုချင်တာပေ့ါ၊ ဒါတွေက ကျနော်တို့ မြေတွေလေ” လို့ ဦး ကြည်ခိုင်က ပြောပါတယ်။

ပြည်သူ့ပါတီရဲ့ ဧရာ၀တီတိုင်းအတွင်းရေးမှူးဖြစ်တဲ့ ဟင်္သာတဒေသခံ ဦးစိန်သောင်းကတော့ အခုမြေယာကိစ္စမှာ အဂတိလိုက်စားမှုတွေ ရှိနိုင်တယ်လို့ဆိုပြီး တည်ဆဲဥပဒေတွေ အတိုင်းဖြစ်စေဖို့ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော့် အမြင်ကတော့ ဒီအပေါ်မှာ အဂတိတရား မကင်းဘူးလို့ပဲ သုံးသပ်ချင်တယ်။ ကျွန်တော်တို့ ဘက်ကတော့ လက်ရှိ တည်ဆဲဥပဒေအတိုင်း တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်ပေးဖို့ကို လွှတ်တော်ပြင်ပ နိုင်ငံရေးကနေပြီးတော့ ပြည်သူကို ဝန်ဆောင်မှု ပေးတဲ့လုပ်ငန်းကို ဆက်လုပ်သွားဖို့  ရှိပါတယ်” လို့ ပြောပါတယ်။