ပန်းတိုင်ကို ရောက်လာပြီဖြစ်တဲ့ ငြိမ်းချမ်းရေးခြေလျင် ခရီးစဉ်

ခရီးစဉ်ရဲ့ နောက်ဆုံးရက်တွေဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ မေရီလန်းပြည်နယ် လွှတ်တော်ရှေ့မှာ ငြိမ်းချမ်းရေးစုပေါင်းပွဲ ကျင်းပပြီးတာနဲ့ ခရီးစဉ်စတင်ခဲ့ရာ တက္ကဆက်ပြည်နယ်၊ ဖော့ဝေါ့သ်မြို့ဆီကို ဘတ်စ်ကားနဲ့ စတင်ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

၁၁၊ ဖေဖော်ဝါရီ။

အမေရိကန် ပြည်ထောင်စု ၊ မြို့တော် ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေးခရီးစဉ် ဆရာတော်တွေဟာ အခုဆိုရင် မိုင်ပေါင်း ၂,၃၀၀ ကျော် ခရီးစဉ်ရဲ့ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပါပြီ။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ George Washington တက္ကသိုလ်ကနေ Peace Monument နဲ့ Lincoln Memorial တို့ဆီကို ငြိမ်းချမ်းရေးအတွက် စုပေါင်းလမ်းလျှောက်ကြမှာ ဖြစ်ပြီး ညနေပိုင်းမှာလည်း ဆရာတော် အရှင်ပညာကရနဲ့အတူမေတ္တာဘာဝနာပွားများတဲ့ အစီအစဉ်ကို GWU Smith Center မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ကို ကမ္ဘာတဝန်းမှာရှိတဲ့သူတွေကလည်း အွန်လိုင်းကနေတဆင့်အတူတူပါဝင်ပြီး ငြိမ်းချမ်းရေးစွမ်းအားတွေ ဖြန့်ဝေပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

ခရီးစဉ်ရဲ့ နောက်ဆုံးရက်တွေဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ မေရီလန်းပြည်နယ် လွှတ်တော်ရှေ့မှာ ငြိမ်းချမ်းရေးစုပေါင်းပွဲ ကျင်းပပြီးတာနဲ့ ခရီးစဉ်စတင်ခဲ့ရာ တက္ကဆက်ပြည်နယ်၊ ဖော့ဝေါ့သ်မြို့ဆီကို ဘတ်စ်ကားနဲ့ စတင်ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

လမ်းခရီးမှာ ဗာဂျီးနီးယားပြည်နယ်က Legacy Church နဲ့ တင်နက်စီပြည်နယ်ကMorristown တို့မှာ ခေတ္တ ရပ်နားပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ခရီးစဉ်စတင်ခဲ့တဲ့ Hương Đạo ကျောင်းတိုက်ကြီးဆီကို အောင်မြင်စွာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

ပြန်ရောက်တဲ့နေ့မှာတော့ ဖော့ဝေါ့သ် ရေပန်းဥယျာဉ်ကနေ ကျောင်းတိုက်အထိခြောက်မိုင်ခန့် စုပေါင်းလမ်းလျှောက်မှာဖြစ်ပြီး မနက် ၁၀ နာရီခွဲကနေ မွန်းလွဲ ၁ နာရီအထိကိုတော့ ဆရာတော်တွေနဲ့ ပါဝင်သူအားလုံးကို နေ့လယ်စာနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။

မွန်းလွဲ ၁ နာရီကနေ ၃ နာရီအထိမှာတော့ ငြိမ်းချမ်းရေးအတွက် စုပေါင်းဆုံဆည်းတာနဲ့ ခရီးစဉ်အပေါ် နောက်ဆုံးအမြင်တွေကို ပြန်လည်မျှဝေရင်း ခရီးစဉ်ကြီးကို ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။

ခရီးစဉ်တလျှောက်မှာ ကူညီပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ရှိသလိုအလှူဒါနပြုလိုသူတွေအနေနဲ့လည်း (817) 557-7257 ကို ဆက်သွယ်နိုင်တယ်လို့ Walk for Peace အဖွဲ့က အသိပေးထားပါတယ်။