
အနုတင်ရဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့အချက်တွေကတော့အ မျိုးသားရေးဝါဒကို ကိုင်စွဲခဲ့တာနဲ့ ကျေးလက်ဒေသတွေမှာ တခြားပြိုင်ဘက်ပါတီက နိုင်ငံရေးသမားတွေကို မိမိဘက်ပါအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ဗျူဟာတွေကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
၉၊ ဖေဖော်ဝါရီ။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရကူရဲ့ ဘုမ်ဂျိုင်ထိုင်းပါတီဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒါကြောင့် ကြာရှည်နေပြီဖြစ်တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကိုအဆုံးသတ်ဖို့ ပိုမိုခိုင်မာတဲ့ ညွန့်ပေါင်းအစိုးရတရပ် ပေါ်ထွက်လာနိုင်ခြေရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ် ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခဖြစ်နေတုန်းမှာ အနုတင်က ရုတ်တရက်ရွေးကောက်ပွဲဖြစ်အောင် စီစဉ်ခဲ့တာပါ။
ဒါဟာ အရှိန်မြင့်လာတဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အသုံးချဖို့အတွက် ရှေးရိုးစွဲခေါင်းဆောင် အနုတင်က အချိန်ကိုက် လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။
ကမ္ဘောဒီးယားပဋိပက္ခကြောင့် ဖွေ့ထိုင်း ပါတီက ဝန်ကြီးချုပ် ပေထောင်တန် ရှင်နာဝပ် ရာထူးက ပြုတ်သွားပြီးတဲ့နောက် ဝန်ကြီးချုပ်နေရာကိုဆက်ခံခဲ့တဲ့ အနုတင်ဟာ ရက်ပေါင်း ၁၀၀ မပြည့်ခင်မှာပဲ လွှတ်တော်ကိုဖျက်သိမ်းခဲ့တာပါ။
“ဒီနေ့ ဘုမ်ဂျိုင်ထိုင်းပါတီ အနိုင်ရတာဟာ ဘုမ်ဂျိုင်ထိုင်းကို မဲပေးပေး၊ မပေးပေး ထိုင်းပြည်သူအားလုံးရဲ့ အောင်ပွဲပါပဲ” လို့ အနုတင်ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျွန်တော်တို့ ထိုင်းပြည်သူတွေကို အစွမ်းကုန် အကောင်းဆုံးအလုပ်အကျွေးပြုသွားမှာပါ” လို့ သူက ဆိုပါတယ်။
မဲရုံ ၉၅ ရာခိုင်နှုန်းနီးပါးရဲ့ ရလဒ်တွေအရ ဘုမ်ဂျိုင်ထိုင်းပါတီဟာအမတ်နေရာ ၁၉၂ နေရာလောက် အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကနဦးရလဒ်တွေမှာ ဖော်ပြထားပါတယ်။
ပြည်သူ့ပါတီ (People’s Party) က ၁၁၇ နေရာနဲ့တချိန်က အင်အားကြီးခဲ့တဲ့ ဖွေ့ထိုင်းပါတီကတော့ ၇၄ နေရာပဲ ရပါတော့တယ်။
ရိုက်တာသတင်းဌာနက ရွေးကောက်ပွဲကော်မရှင် အချက်အလက်တွေကိုတွက်ချက်ကြည့်ချက်အရ အမတ်နေရာ ၅၀၀ ရှိတဲ့ လွှတ်တော်ထဲမှာတခြားပါတီအနည်းငယ်က စုစုပေါင်း အမတ်နေရာ ၁၁၇ နေရာ ရရှိထားကြပါတယ်။
ဒီဇင်ဘာလတုန်းက အနုတင် လွှတ်တော်ကို ဖျက်သိမ်းခဲ့တာဟာ ပါတီအချင်းချင်းကြား ပဋိပက္ခတွေနဲ့ အဆင်မပြေမှုတွေကြောင့် အစိုးရအဖွဲ့ဟာ လူနည်းစုအစိုးရအဖြစ် ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့လို့ဆိုပြီးအကြောင်းပြခဲ့တာပါ။
ဘုမ်ဂျိုင်ထိုင်းပါတီအနေနဲ့ အမတ်နေရာအများစုကို တပါတီတည်းနဲ့အပြတ်အသတ် မနိုင်နိုင်ပေမဲ့လည်း ရွေးကောက်ပွဲကတိကဝတ်တွေကိုအကောင်အထည် ဖော်ဖို့အတွက် အင်အားတောင့်တင်းတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဘန်ကောက်အခြေစိုက် Thailand Future အဖွဲ့ကနိုင်ငံရေးသုတေသနပညာရှင် နာပွန် ဂျာတူသရီပီတက်က ပြောပါတယ်။
အဆိုပါကတိတွေထဲမှာ စားသုံးသူ ထောက်ပံ့ရေးအစီအစဉ်တွေနဲ့ကမ္ဘောဒီးယားနဲ့ချုပ်ဆိုထားတဲ့ ပင်လယ်ပြင်ပိုင်နက်ဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းဖို့တွေ ပါဝင်ပါတယ်။
“တော်တော်ကြာကြာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အုပ်ချုပ်ရေးပိုင်းမှာ တကယ့်ကို ထိထိရောက်ရောက် အာဏာရှိတဲ့ အစိုးရတရပ်ကိုမြင်ရတော့မှာပါ” လို့ သူက ဆိုပါတယ်။
“ဒါဟာ နည်းပညာရှင်တွေ၊ ရှေးရိုးစွဲ အထက်တန်းလွှာတွေနဲ့ ရိုးရာနိုင်ငံရေးသမားတွေကြား အကျိုးတူ ပေါင်းစည်းလိုက်တာလို့ပဲ ပြောရမှာပါ”
အနုတင်ရဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့အချက်တွေကတော့အ မျိုးသားရေးဝါဒကို ကိုင်စွဲခဲ့တာနဲ့ ကျေးလက်ဒေသတွေမှာ တခြားပြိုင်ဘက်ပါတီက နိုင်ငံရေးသမားတွေကို မိမိဘက်ပါအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ဗျူဟာတွေကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
“အခုလို အပြတ်အသတ်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါဟာအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ နိုင်ငံရေးအခြေအနေနဲ့ ရှေးရိုးစွဲမဲဆန္ဒရှင်တွေကို စုစည်းနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေက သူတို့အတွက်အလုပ်ဖြစ်သွားတာကို ပြနေတာပါ” လို့ လွတ်လပ်တဲ့ နိုင်ငံရေးလေ့လာသူ မားသစ် လိုဟာတီပါနွန်က ပြောပါတယ်။
ရလဒ်တွေ ထွက်ပေါ်လာချိန်မှာတော့ ပြည်သူ့ပါတီခေါင်းဆောင် နတ်သာဖွန်းက မဲတချို့ ရေတွက်ဖို့ ကျန်သေးပေမဲ့လည်း သူ့ပါတီအနေနဲ့ အနိုင်ရဖို့ အလားအလာ မရှိတော့တာကို ဝန်ခံခဲ့ပါတယ်။
နတ်သာဖွန်းက သူတို့ပါတီအနေနဲ့ ဘုမ်ဂျိုင်ထိုင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပါဝင်မှာမဟုတ်သလို ပြိုင်ဘက် ညွန့်ပေါင်းအစိုးရကိုလည်း ဖွဲ့စည်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။
“ဘုမ်ဂျိုင်ထိုင်းက အစိုးရဖွဲ့နိုင်ရင်တော့ ကျွန်တော်တို့က အတိုက်အခံပဲလုပ်ရမှာပေါ့” လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့ ထိုင်းနိုင်ငံကိုဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ပြည်သူ့ပါတီဟာ မဲဆွယ်ကာလအတွင်း လူထုဆန္ဒကောက်ယူမှုအများစုမှာ ထိပ်ဆုံးက ပြေးနေခဲ့တာပါ။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကနဦးရေတွက်မှုတွေအရ မဲဆန္ဒရှင်တွေဟာဖွဲ့စည်းပုံအသစ်ဆွဲဖို့အတွက် ၂ ဆ ၁ ဆလောက်နဲ့ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
၁၉၃၂ ခုနှစ် သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံပေါင်း ၂၀ လောက် ရှိခဲ့ပြီးသားပါ။ အဲဒီ ပြောင်းလဲမှုအများစုဟာလည်း စစ်အာဏာသိမ်းမှုတွေအပြီးမှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
အခုတက်လာမယ့် အစိုးရသစ်နဲ့ လွှတ်တော်အမတ်တွေဟာ လွှတ်တော်ထဲမှာ ပြင်ဆင်မှုတွေကို စတင်နိုင်မှာဖြစ်ပြီး ဖွဲ့စည်းပုံအသစ်ကိုအတည်ပြုနိုင်ဖို့အတွက် နောက်ထပ် ပြည်သူ့ဆန္ဒခံယူပွဲ နှစ်ကြိမ်လောက်ကျင်းပဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။
Ref – Reuters / The Nation Thailand