အမေရိကန်-အီရန် ဆွေးနွေးပွဲတွေ စတင်မယ်

အမေရိကန်ဘက်ကတော့ အီရန်အနေနဲ့ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ဖို့နဲ့ သန့်စင်ပြီး ယူရေနီယံ လက်ကျန်တွေကို ဖျက်ဆီးဖို့ တောင်းဆိုထားပါတယ်။

၆၊ ဖေဖော်ဝါရီ။

အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံကြား စစ်ရေးအရ ထိပ်တိုက်တွေ့တော့မလားဆိုပြီး စိုးရိမ်စရာတွေ ဖြစ်နေတဲ့ အကျပ်အတည်းကာလမှာပဲ နှစ်နိုင်ငံက အဆင့်မြင့် အရာရှိတွေဟာ အိုမန်မှာ တိုက်ရိုက် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့လက အီရန်နိုင်ငံတဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အီရန်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

ဒီလုပ်ရပ်အပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က အရှေ့အလယ်ပိုင်းမှာ စစ်အင်အား တိုးချဲ့ခဲ့ပြီးတဲ့နောက်မှာ အခုလို ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဆွေးနွေးမယ့်နေရာနဲ့ ဆွေးနွေးမယ့် အတိုင်းအတာအပေါ် မသေချာမှုတွေကြောင့် ဆွေးနွေးပွဲဟာ ပျက်သွားမလိုတောင် ဖြစ်ခဲ့ပါသေးတယ်။

နှစ်နိုင်ငံစလုံးရဲ့ ရပ်တည်ချက်တွေကတော့ အတော်လေးကို ကွာခြားနေဆဲပါပဲ။ ဒါပေမဲ့ ဒီဆွေးနွေးမှုတွေသာ အောင်မြင်သွားရင်တော့ နောက်ထပ် ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အခြေခံမူဘောင်တခု ရလာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

အမေရိကန်ဘက်ကတော့ အီရန်အနေနဲ့ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ဖို့နဲ့ သန့်စင်ပြီး ယူရေနီယံ လက်ကျန်တွေကို ဖျက်ဆီးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့နေတာနဲ့ နိုင်ငံသားတွေအပေါ် ဆက်ဆံပုံတွေကိုပါဆွေးနွေးပွဲမှာ ထည့်သွင်းရမယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ အီရန်ဘက်ကတော့ ဆွေးနွေးပွဲဟာ နျူကလီးယားကိစ္စ တခုတည်းမှာပဲ ကန့်သတ်ထားရမယ်လို့ ပြောနေတာကြောင့် ဒီသဘောထားကွဲလွဲမှုတွေကိုညှိနှိုင်းလို့ ပြီးပြီလားဆိုတာ မပြတ်သားသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့သဘောတူညီချက်မရရင် ဗုံးကြဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အမေရိကန်ဟာ စစ်သည်ထောင်ပေါင်းများစွာအပြင် လေယာဉ်တင်သင်္ဘော၊စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို ဒေသတွင်းဆီ စေလွှတ်ထားတယ်လို့ ထရမ့်က ပြောပါတယ်။

အီရန်ဘက်ကလည်း အတိုက်ခိုက်ခံရရင် အင်အားသုံး တုံ့ပြန်မယ်လို့ ကြုံးဝါးထားပြီး အရှေ့အလယ်ပိုင်းက အမေရိကန် စစ်အခြေစိုက်စခန်းတွေနဲ့အစ္စရေးနိုင်ငံကို တိုက်ခိုက်မယ်လို့ ပြန်ပြီး ခြိမ်းခြောက်ထားပါတယ်။

အီရန်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီကဦးဆောင်မှာဖြစ်ပြီး သူက ပြီးခဲ့တဲ့အပတ်ကပဲ အီရန်တပ်ဖွဲ့ဝင်တွေဟာ”မောင်းခလုတ်ပေါ် လက်တင်ထားပြီးသား”လို့ ပြောထားသူ ဖြစ်ပါတယ်။

အမေရိကန်ဘက်ကတော့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ ထရမ့်ရဲ့သားမက် ဂျာရက် ကွတ်ရှ်နာတို့က ကိုယ်စားပြု တက်ရောက်မှာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇွန်လက အစ္စရေးနဲ့ အီရန်ကြား စစ်ဖြစ်ခဲ့ပြီး အမေရိကန်ကအီရန်ရဲ့ အဓိက နျူကလီးယားစက်ရုံ သုံးခုကို ဗုံးကြဲခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန်နဲ့ အီရန် အရာရှိတွေ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

အီရန်ဘက်ကတော့ အဲဒီတိုက်ခိုက်မှုတွေ ဖြစ်ပြီးကတည်းက ယူရေနီယံသန့်စင်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ပြောပါတယ်။

အကျပ်အတည်းဆိုက်နေတဲ့ အီရန်ခေါင်းဆောင်တွေ အတွက်တော့ ဒီဆွေးနွေးပွဲဟာ အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်မယ့်နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်ပါတယ်။

လေ့လာသူတွေကတော့ အီရန်အစိုးရဟာ ၁၉၇၉ အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အားအနည်းဆုံး အခြေအနေကို ရောက်နေတယ်လို့ သုံးသပ်ကြပါတယ်။

စီးပွားရေး အကျပ်အတည်းကြောင့် ဖြစ်လာတဲ့ အကြီးအကျယ် ဆန္ဒပြပွဲတွေကို အီရန်လုံခြုံရေးတပ်ဖွဲ့တွေက ရက်ရက်စက်စက် နှိမ်နင်းနေချိန်မှာပဲ ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေ ထွက်လာတာပါ။

ဆန္ဒပြသူတွေက အစ္စလာမ်မစ် သမ္မတနိုင်ငံစနစ် အဆုံးသတ်ဖို့အထိတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုရဲ့ အဆိုအရ သေဆုံးသူအနည်းဆုံး ၆,၈၈၃ ဦး ရှိနေပြီလို့ အတည်ပြုထားပြီး အဆိုပါ အရေအတွက်ဟာ ဒီထက်အများကြီး ပိုနိုင်တယ်လို့ သတိပေးထားပါတယ်။ ဖမ်းဆီးခံရသူကလည်း ၅၀,၀၀၀ ကျော် ရှိနေပါပြီ။

အခု အကျပ်အတည်းကြောင့် အနောက်နိုင်ငံတွေနဲ့ ကာလရှည်ကြာအငြင်းပွားနေရတဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကိစ္စဟာ ဆွေးနွေးပွဲစားပွဲဝိုင်းပေါ် ပြန်ရောက်လာတာ ဖြစ်ပါတယ်။

ဆယ်စုနှစ်နဲ့ချီပြီး အီရန်က သူတို့ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းစွာအသုံးပြုဖို့ပဲလို့ ပြောခဲ့ပေမဲ့ အမေရိကန်နဲ့ အစ္စရေးကတော့ ဒါဟာ လက်နက်ထုတ်ဖို့ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းပဲလို့ စွပ်စွဲထားပါတယ်။

အီရန်က သူတို့ပိုင်နက်ထဲမှာ ယူရေနီယံသန့်စင်ခွင့် ရှိတယ်လို့ ပြောသလို သူတို့ဆီမှာရှိတဲ့ သန့်စင်ပြီး ယူရေနီယံ ၄၀၀ ကီလိုဂရမ်ကို တတိယနိုင်ငံတခုဆီလွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကိုလည်း ပယ်ချထားပါတယ်။

ဒါပေမဲ့ တချို့ကိစ္စတွေမှာ လျှော့ပေးဖို့ အဆင်သင့်ရှိတယ်လို့ အီရန်အရာရှိတွေက အရိပ်အယောင် ပြထားပါတယ်။

တဘက်မှာလည်း အီရန်က သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ကန့်သတ်ဖို့နဲ့ ဒေသတွင်းက လက်ဝေခံအဖွဲ့တွေ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာ၊ ဟူသီ စတဲ့”ခုခံရေးဝင်ရိုးတန်း” လို့ သူတို့ခေါ်တဲ့ မဟာမိတ်အဖွဲ့တွေကို ထောက်ပံ့နေတာကို ရပ်တန့်ဖို့ တောင်းဆိုချက်တွေဟာ လက်ခံနိုင်စရာမရှိသလိုအချုပ်အခြာအာဏာကို ချိုးဖောက်တာပဲလို့ ပြောထားပါတယ်။

အင်္ဂါနေ့မှာတော့ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က “သင့်တော်တဲ့ပတ်ဝန်းကျင်တခု ရှိမယ်ဆိုရင်” အမေရိကန်နဲ့ တရားမျှတပြီး မျှတတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် အီရန်ဘက်ကတော့ သူတို့ရဲ့ စီးပွားရေးကို အကြီးအကျယ်ထိခိုက်နေစေတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုလာမှာ သေချာပါတယ်။

အီရန်အစိုးရကို ဆန့်ကျင်သူတွေကတော့ အခုလို ပိတ်ဆို့မှုတွေ လျှော့ပေးလိုက်တာဟာ အီရန်ခေါင်းဆောင်တွေအတွက် အသက်ဆက်ပေးလိုက်သလိုဖြစ်သွားမယ်လို့ ဆိုကြပါတယ်။

အမေရိကန်အတွက်တော့ ဆွေးနွေးပွဲ ရလဒ်အပေါ် မူတည်ပြီး သမ္မတထရမ့်အနေနဲ့ သူခြိမ်းခြောက်ထားတဲ့ စစ်ရေးအရ တိုက်ခိုက်မှုကနေ လမ်းကြောင်းပြောင်းပြီး ထွက်ပေါက်ရှာနိုင်မယ့် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။

ဒေသတွင်း နိုင်ငံတွေကတော့ အမေရိကန်က တိုက်ခိုက်လိုက်ရင် စစ်ပွဲတွေ ပိုကျယ်ပြန့်လာမှာ ဒါမှမဟုတ် အီရန်မှာ ကာလရှည်ကြာ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်မှာကို စိုးရိမ်နေကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ တစုံတရာ ထိရောက်တဲ့ ရလဒ်ထွက်ဖို့ဆိုရင် ဒီဆွေးနွေးပွဲဟာ နျူကလီးယားကိစ္စ တခုတည်းတင်မကဘဲ တခြားကိစ္စတွေကိုပါ ဆွေးနွေးရမယ်လို့ ပြောပါတယ်။

Ref – BBC