
“ကောင်လေးက မနက်ပိုင်း ပဲလိုက်နုတ်ပြီးအပြန် ထမင်းတောင် မစားရသေးဘူး။ နယ်ထိန်း ဇေယျာဆိုတဲ့ ကောင် ဦးဆောင်ပြီး လာတာ။ စစ်မှုထမ်း ထောက်ပံ့ကြေးလည်း ပုံမှန်ပေးထားလျက်နဲ့ စစ်မှုထမ်း မဲပေါက်တယ် ပြောတယ်။ ဘယ်တုန်းကနှိုက်ပြီး ဘယ်တုန်းက ပေါက်တာမှန်းလည်း မသိဘူး ”
၅၊ ဖေဖော်ဝါရီလ။
ဓနုဖြူ နဲ့ ဇလွန်မြို့နယ်တွေထဲ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့အတွက် လူသစ်စုဆောင်းရာမှာ နယ်မြေရဲစခန်းတွေက ဦးစီးပြီး အတင်းအဓမ္မဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာနေပါတယ်။
ဓနုဖြုမြို့နယ်၊ နှဲကြိုးကျေးရွာ အုပ်စုနဲ့ ဇလွန်မြို့နယ် အပိုင်ထဲက ဆင်လမ်း၊ ဝါးပတောနဲ့ ကော့ကပ်ကြီးကျေး ရွာအုပ်စုတွေထဲက ဆင်းရဲနွမ်းပါးပြီး လက်လုပ်လက်စားများတဲ့ ကျေးရွာငယ်လေးတွေမှာ စစ်မှုထမ်း ထောက်ပံ့ကြေးပေးပြီး နေထိုင်လျှက်က စစ်မှုထမ်းမဲပေါက်လို့ဆိုပြီး ဖမ်းဆီးဆောင်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတာပါ။
“နယ်ထိန်းတွေက သိတယ်။ ဘယ်သူ့ကို လုပ်ရင်တော့ သူတို့ကို ပြန်မလှန်နိုင်ဘူး ဆိုတာကို သူတို့သိတယ်။ နယ်မြေ ကျွမ်းကျင် ကြတာကိုး။ ဒါက ဖြစ်နေတာ လပိုင်းလောက် ရှိနေပြီ။ သူတို့မှာ အစားထိုးလူ မရှိတော့တာ ကြောင့်လည်း ဖြစ်နိုင်တယ် ” လို့ ဟင်္သာတမြို့မှာ နေထိုင်တဲ့ တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်နေသူ တဦးက ပြောပါတယ်။
အင်းလုပ်သား အများစု နေထိုင်ကြတဲ့ နှဲကြိုးကျေးရွာ အုပ်စုထဲက ကျုံအိပ်ကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်း ပဲနုတ်လိုက်ပြီး ပြန်လာတဲ့ လူငယ်တဦးကို နယ်ထိန်းနဲ့ အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
“ကောင်လေးက မနက်ပိုင်း ပဲလိုက်နုတ်ပြီးအပြန် ထမင်းတောင် မစားရသေးဘူး။ နယ်ထိန်း ဇေယျာဆိုတဲ့ ကောင် ဦးဆောင်ပြီး လာတာ။ စစ်မှုထမ်း ထောက်ပံ့ကြေးလည်း ပုံမှန်ပေးထားလျက်နဲ့ စစ်မှုထမ်း မဲပေါက်တယ် ပြောတယ်။ ဘယ်တုန်းကနှိုက်ပြီး ဘယ်တုန်းက ပေါက်တာမှန်းလည်း မသိဘူး ” လို့ ဓနုဖြူမြို့နယ်၊ ကျုံအိပ်ကျေးရွာ ဒေသခံ တဦးက ပြောပါတယ်။
ဒါအပြင် ဒီကျေးရွာက အခြားသူ နှစ်ဦးလည်း စစ်မှုထမ်း မဲပေါက်ထားတာကြောင့် ထပ်မံခေါ်ဆောင်ဖို့ ရှိတယ်လို့ ပြောဆိုသွားတယ်လို့ ဆိုပါတယ်။
“ နှဲကြိုးအုပ်စုမှာ ကျေးရွာ ၅ ရွာရှိတယ်။ ဒီထဲမှာမှ ကျွန်တော်တို့ ရွာကိုပဲ ဒီလိုလာလုပ်တယ်။ မဲနှိုက်တယ်ဆိုလည်း ပွင့်လင်းမြင်သာ နှိုက်ပေါ့။ ခုက ဘယ်တော့ လာဖမ်းမလဲကို ကျီးလန့်စာစား နေရတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီရွာက မိသားစုတွေဟာ ခုလိုပြဿနာမျိုးတွေမှာ ငွေကြေးနဲ့ညှိနှိုင်းဖို့ မတတ်နိုင်ကြသူတွေ များတဲ့အပြင် တာဝန်ရှိသူတွေကို ရင်ဆိုင်နိုင်တဲ့ ဗဟုသုတမျိုး မရှိတာကို အခွင့်ကောင်းယူပြီး နယ်ထိန်းနဲ့အဖွဲ့က ပစ်မှတ်ထားတာမျိုး ဖြစ်နိုင်တယ်လို့ ဟင်္သာတမြို့မှာ နေထိုင်တဲ့ တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်နေသူ တဦးက မှတ်ချက်ပြုပါတယ်။
“တခုရှိတာ အရင်က အဲ့လိုဖမ်းရင် ညပိုင်းတွေဖမ်းတာ။ အခု ကျုံအိပ်မှာက နေ့ခင်းဘက်ကြီးဆိုတော့ ဒါကထူးခြားချက်ပဲ။ ဒီဘက်တကြောမှာက ညဘက်ဆိုရင် တော်တော်များများက ရှောင်နေကြတာဆိုတော့ သေချာတဲ့အချိန်ကို လာတာဖြစ်နိုင်တယ် ” လို့ ဆိုပါတယ်။
ဒီကျေးရွာတွေမှာ စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် တလကို ကျပ်ငါးသောင်း ပေးဆောင်ရတဲ့အပြင် စစ်မှုထမ်းထောက်ပံ့ကြေး မလောက်ငှလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လောင်းကစားဝိုင်းတွေ၊ အာဝါဒေးပွဲတွေကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။