
တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ သမ္မတရဲ့ ပြင်းထန်တဲ့ နယ်နှင်ဒဏ်ပေးမှုတွေဟာ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီဝင်တချို့ဆီကတောင် ဝေဖန်မှုတွေ ထွက်လာစေပါတယ်။
၅၊ ဖေဖော်ဝါရီ။
အမေရိကန်ပြည်ထောင်စု ၊ မင်နီဆိုတာပြည်နယ်မှာ လုပ်ဆောင်နေတဲ့ ပြည်နှင်ဒဏ်ပေးမှုတွေထဲက ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အေးဂျင့် ၇၀၀ ခန့်ကို သမ္မတ ထရမ့်အစိုးရက ပြန်လည်ရုပ်သိမ်းနေပါတယ်။
ဒါပေမဲ့ အေးဂျင့်ပေါင်း ၂,၀၀၀ ဝန်းကျင်ကတော့ ဆက်ရှိနေဦးမှာဖြစ်ပြီး ဒါဟာများလွန်းနေသေးတယ်လို့ ပြည်နယ်ဒီမိုကရက်တစ်ခေါင်းဆောင်တွေကပြောပါတယ်။
အိမ်ဖြူတော်ရဲ့ နယ်စပ်ရေးရာတာဝန်ခံ တွမ်ဟိုမန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာကတော့ မင်နီဆိုတာက ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့် ၇၀၀ခန့်ကို ရုပ်သိမ်းမှာဖြစ်ပေမဲ့ အေးဂျင့် ၂,၀၀၀ နီးပါးကတော့ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးနယ်နှင်ဖို့အတွက် ဒီနှစ်အတွင်း မင်နီယာပိုလစ်မြို့နဲ့ ပတ်ဝန်းကျင်မှာလက်နက်ကိုင်အေးဂျင့် ထောင်ပေါင်းများစွာကို စံချိန်တင် ချထားခဲ့ပါတယ်။
ဒါကြောင့်လည်း ပြည်နယ်ခေါင်းဆောင်တွေနဲ့ အခြေအတင်ဖြစ်တာ၊ ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ပြီး အကြမ်းဖက်မှုတွေဖြစ်တာနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ရက်သတ္တပတ်ပေါင်းများစွာဖြစ်ပွားခဲ့ပါတယ်။
ဟိုမန်ကတော့ အဆိုပါ ပြည်နှင်ဒဏ်ပေးတဲ့ စီမံချက်ဟာ ပြည်သူ့ဘေးကင်းရေးအတွက်လို့ ပြောပါတယ်။ ခရိုင်အကျဉ်းထောင်တွေကို အုပ်ချုပ်တဲ့ မင်နီဆိုတာက ရဲအရာရှိတွေဆီကနေ မကြုံစဖူးပူးပေါင်းဆောင်ရွက်မှုတွေ ရလာတာကြောင့် အခုလို အင်အားတချို့ လျှော့ချတာလို့ ဆိုပေမဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
“ရှင်းရှင်းပဲ ပြောပါမယ်၊ သမ္မတထရမ့်ဟာ ဒီအစိုးရသက်တမ်းအတွင်းအစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးဖို့ အပြည့်အဝ ရည်မှန်းထားပါတယ်။ လူဝင်မှုကြီးကြပ်ရေး အရေးယူမှုတွေဟာလည်း တနိုင်ငံလုံးမှာ နေ့တိုင်းဆက်ရှိနေမှာပါ” လို့ ဟိုမန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“သမ္မတထရမ့်က ကတိပေးထားပြီးသားပါ။ ကျွန်တော်တို့ဘက်ကလည်း ဒါကို ပြောင်းလဲဖို့ ညွှန်ကြားထားတာ မရှိပါဘူး”လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် အေးဂျင့်တွေမှာ ကိုယ်ပိုင်ကင်မရာ တပ်ဆင်ပေးတဲ့ နေရာမှာအားနည်းချက်တွေ ရှိနေပြီး ဒါကို လွှတ်တော်နဲ့ ညှိနှိုင်းဖြေရှင်းဖို့ မျှော်လင့်တယ်လို့လည်း သူက ဆိုပါတယ်။
Operation Metro Surge လို့ အမည်ပေးထားတဲ့ အဆိုပါ စီမံချက်ကို မင်နီဆိုတာအုပ်ချုပ်ရေးမှူး တင်မ်ဝေါလ်ဇ်၊ မင်နီယာပိုလစ်မြို့တော်ဝန် ဂျေကော့ဖရေးနဲ့ တခြားဒီမိုကရက်တွေက ဇန်နဝါရီလအစောပိုင်းကတည်းက ကန့်ကွက်ရှုံ့ချနေတာပါ။
ဒါကြောင့်လည်း ထရမ့်က သူတို့ကို ဒေါသတကြီး ပြောဆိုတာတွေနဲ့ ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ လုပ်ဆောင်ခဲ့ပါတယ်။
ဝေါလ်ဇ်နဲ့ ဖရေးတို့ဟာ ထရမ့်အစိုးရကို ဖက်ဒရယ်တရားရုံးမှာ တရားစွဲထားပါတယ်။ ပြည်နယ်ထဲမှာ ပုံမှန်ရှိရမယ့် အေးဂျင့်အရေအတွက်ထက် အဆ ၂၀လောက် ပိုများနေပြီး ဒေသခံရဲတပ်ဖွဲ့ထက်တောင် အင်အားသာနေတဲ့ ဖက်ဒရယ်တပ်ဖွဲ့တွေကို ရုပ်သိမ်းပေးဖို့ ဒါမှမဟုတ် ကန့်သတ်ပေးဖို့ တောင်းဆိုထားတာပါ။
တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ သမ္မတရဲ့ ပြင်းထန်တဲ့ နယ်နှင်ဒဏ်ပေးမှုတွေဟာ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီဝင်တချို့ဆီကတောင် ဝေဖန်မှုတွေ ထွက်လာစေပါတယ်။
Ref – Reuters