မင်နီဆိုတာမှာ လူထောင်ချီပြီး ICE ထွက်သွားဖို့ ဆန္ဒပြ

အခုလို ဆန္ဒပြပွဲတွေ ဖြစ်လာတာဟာ Operation Metro Surge လို့ခေါ်တဲ့စစ်ဆင်ရေးကို လျှော့ချမှာလား ဆိုတာနဲ့ ပတ်သက်ပြီး ထရမ့်အစိုးရဆီက မရေမရာ သတင်းစကားတွေ ထွက်ပေါ်နေချိန်မှာ ဖြစ်ပါတယ်။

၃၁၊ ဇန်နဝါရီ။

အမေရိကန်နိုင်ငံသား နှစ်ဦး အသတ်ခံရပြီးနောက်မှာ မင်နီဆိုတာပြည်နယ်ကနေ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ မင်နီယာပိုလစ်မြို့ လမ်းမတွေပေါ်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ထွက်ပေါ်လာသလို အမေရိကန်တဝန်းက ကျောင်းသားတွေကလည်း သောကြာနေ့မှာ ကျောင်းမတက်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။

ကယ်လီဖိုးနီးယားကနေ နယူးယောက်အထိ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်တဲ့ဆန္ဒပြပွဲနေ့မှာ အတန်းတွေကို စွန့်ခွာခဲ့ကြပါတယ်။ အခုလို ဆန္ဒပြပွဲတွေ ဖြစ်လာတာဟာ Operation Metro Surge လို့ခေါ်တဲ့စစ်ဆင်ရေးကို လျှော့ချမှာလား ဆိုတာနဲ့ ပတ်သက်ပြီး ထရမ့်အစိုးရဆီက မရေမရာ သတင်းစကားတွေ ထွက်ပေါ်နေချိန်မှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအောက်မှာ သမ္မတ ဒေါ်နယ်ထရမ့်ဟာ မင်နီယာပိုလစ်ဒေသကို ဖက်ဒရယ်အရာရှိ ၃,၀၀၀ စေလွှတ်ထားပါတယ်။ သူတို့ဟာ စစ်ဘက်သုံးဝတ်စုံတွေ ဝတ်ဆင်ပြီး လမ်းပေါ်မှာ ကင်းလှည့်နေကြတာဖြစ်ပြီး ဒီအင်အားဟာ မင်နီယာပိုလစ် ရဲဌာနထက် ငါးဆလောက် ပိုများနေပါတယ်။

အင်အားတိုးချဲ့တာနဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနရဲ့ နည်းလမ်းတွေကို ကန့်ကွက်တဲ့အနေနဲ့ ကလေးငယ်တွေပါတဲ့ မိသားစုတွေ၊ သက်ကြီးရွယ်အို ဇနီးမောင်နှံတွေနဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေ အပါအဝင် လူပေါင်း ထောင်ချီဟာ ရေခဲမှတ်အောက် ရောက်နေတဲ့ အအေးဒဏ်ကြားကပဲ မင်နီယာပိုလစ် မြို့လယ်ခေါင်မှာ စုဝေးခဲ့ကြပါတယ်။

“No ICE” လို့ ရေးထားတဲ့ အင်္ကျီကို ဝတ်ဆင်ပြီး အဲဒီအေဂျင့်တွေကို မြို့ကနေ ထွက်သွားဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားတဲ့ ကာတီးယား ကေဂန်က သူဟာ ဘေးကင်းလုံခြုံမှုနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရှာဖွေဖို့ အမေရိကကို ပြောင်းရွှေ့လာခဲ့တဲ့ ရုရှားဂျူးလူမျိုးတွေရဲ့ သမီးဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်မ မိဘတွေ မျှော်လင့်ချက်နဲ့ လာခဲ့တဲ့ အမေရိကန်အိပ်မက်အတွက် တိုက်ပွဲဝင်ဖို့ ဒီကို ရောက်နေတာပါ” လို့ ကေဂန်က ပြောပါတယ်။

မျိုးရိုးအမည် မဖော်ပြဖို့ တောင်းဆိုထားတဲ့ အသက် ၆၅ နှစ်အရွယ် တရားပြဆရာမ ကင်မ်ကတော့ အခုလို အင်အားတိုးချဲ့မှုကို“နိုင်ငံသားတွေအပေါ် ဖက်ဒရယ်အစိုးရရဲ့ အတိအလင်း ဖက်ဆစ်ဆန်ဆန် တိုက်ခိုက်မှု” လို့ ခေါ်ဆိုလိုက်ပါတယ်။

ဒီလထဲမှာ ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေရဲ့ လက်ချက်နဲ့ အမေရိကန်နိုင်ငံသားတွေ ဖြစ်တဲ့ အဲလက်စ် ပရက်တီနဲ့ရနေးဂွတ်တို့ အသတ်ခံခဲ့ရတဲ့ နေရာအနီးက မင်နီယာပိုလစ် ရပ်ကွက်တခုမှာတော့ ဒေသခံကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ဝန်ထမ်း ၅၀ လောက် စုဝေးပြီး ချီတက်ခဲ့ကြပါတယ်။

ရော့ခ်စတား ဘရုစ် စပရင်းစတင်းကလည်း မင်နီယာပိုလစ် မြို့လယ်မှာ ကျင်းပတဲ့ ဂွတ်နဲ့ ပရက်တီ တို့အတွက် ရန်ပုံငွေပွဲ စင်မြင့်ပေါ်မှာ “Streets of Minneapolis” ဆိုတဲ့ သူ့ရဲ့ သီချင်းအသစ်ကို သီဆိုပြီး ဆန္ဒပြပွဲမှာ ပါဝင်အားဖြည့်ခဲ့ပါတယ်။

“အလုပ်မသွားနဲ့၊ ကျောင်းမတက်နဲ့၊ ဈေးမဝယ်နဲ့၊ ICE ကို ရန်ပုံငွေပေးတာ ရပ်” ဆိုတဲ့ ကြွေးကြော်သံအောက်မှာ နယူးယောက်၊လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနဲ့ ဝါရှင်တန်တို့လို မြို့ကြီးတွေအပါအဝင် ပြည်နယ် ၄၆ ခုမှာ ဆန္ဒပြပွဲပေါင်း ၂၅၀ ကျော် ရှိမယ်လို့ စီစဉ်သူတွေက ခန့်မှန်းထားတာကြောင့် ဆန္ဒပြပွဲတွေဟာ မင်နီဆိုတာပြည်နယ်ထက် ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။

Ref – Reuters