
AA ပူးပေါင်းတပ်ဖွဲ့ဟာ သာပေါင်း – ရွှေသောင်ယံ ကားလမ်းတလျှောက်ရှိ နယ်မြေအချို့နဲ့ ရွှေသောင်ယံကမ်း ခြေရှိ ကျေးရွာအချို့တို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားတာပါ။ အဲဒီနယ်မြေတွေကို စစ်ကော်မရှင်တပ်က တန်ပြန် ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်နက်၊ အင်အား အလုံးအရင်း ဖြည့်တင်းနေတာဖြစ်ပါတယ်။
၃၀၊ ဇန်နဝါရီ။
ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်အတွင်းမှာ စစ်တပ်က အင်အားရာချီဖြည့်တင်းထားပြီး သာပေါင်း – ရွှေ သောင်ယံ လမ်းတလျှောက် အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
သာပေါင်းမြို့နယ် သာပေါင်းလေး၊ ကင်းမွန်းခြုံ၊ သစ်ဝမ်း၊ ကျားခေါင်း၊ သဲဖြူစတဲ့ ကျေးရွာအနီးဝန်းကျင်တွေမှာ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံးသုတ်အပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှာပဲ စစ်တပ်က အင်အားနှစ်ရာခန့် ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
“ဟုတ်တယ်။ တိုက်ပွဲဖြစ်တာ လေး၊ ငါးရက် ဆက်တိုက်ရှိပြီ။ တိုက်ပွဲဖြစ်တာက တနေရာတည်းမဟုတ်ဘူး၊ နေရာ၊ သုံးလေး ခုမှာ ဖြစ်နေတာ။ အဲဒီဘက်တွေမှာ အင်အားဖြည့်တယ်။ ရွာထဲမှာ ခွေးတွေ စခန်းချပြီးတော့ ရွာသားအကုန်လုံးကို နှင်ထုတ်ထားတယ်” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်တပ်ရဲ့ ခမရ ၃၀၈ ကနေ အင်အားဖြည့်တင်းထားတာ ဖြစ်ပြီး တိုက်ပွဲဖြစ်နေတဲ့ နေရာအနီးဝန်းကျင် တွေကို လက်နက်ကြီးပစ်ခတ်တာတွေလည်း ဆက်တိုက်ရှိနေတယ် လို့ သူက ဆိုပါတယ်။
ခမရ ၃၀၈ အနီးဝန်းကျင်မှာလည်း တိုက်ပွဲတွေ ရံဖန်ရံခါရှိနေတယ်လို့ သာပေါင်းဒေသခံတဦးက ပြောပါတယ်။ “တိုက်ပွဲဖြစ်တယ်ထင်တယ်။ အဲဒီနားက လက်နက်သံတွေကြားတယ် ပြောကြတယ်။ အဲဒီနားကလူတွေ ပြောတာ ပါ” လို့ ဆိုပါတယ်။
စစ်တပ်ဟာ အင်အားရာဂဏန်း ဖြည့်တင်းပြီး သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပေမယ့်လည်း အထိအခိုက် အကျအဆုံးများနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“ခွေးတွေ သေတာရှိတယ်။ များတယ် ပြောရမယ်။ အရေအတွက်တွေတော့ အတိအကျမသိရဘူး။ ဒါပေမယ့် ဒီရက်ပိုင်းမှာတောင် ကားနဲ့ အလောင်းတွေ၊ လူနာတွေတင်ပြီး ပုသိမ်ဘက် ထွက်သွားတာတွေ ရှိတယ်။ ကိုယ့် ဘက်လည်း နာတာတွေတော့ ရှိတာပေ့ါ” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
AA ပူးပေါင်းတပ်ဖွဲ့ဟာ သာပေါင်း – ရွှေသောင်ယံ ကားလမ်းတလျှောက်ရှိ နယ်မြေအချို့နဲ့ ရွှေသောင်ယံကမ်း ခြေရှိ ကျေးရွာအချို့တို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားတာပါ။ အဲဒီနယ်မြေတွေကို စစ်ကော်မရှင်တပ်က တန်ပြန် ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်နက်၊ အင်အား အလုံးအရင်း ဖြည့်တင်းနေတာဖြစ်ပါတယ်။
ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေ စစ်သားအပြည့်နဲ့ ကားတွေ ထွက်သွားနေတာ နေ့စဉ်နီး ပါးရှိနေပြီး သာပေါင်းနဲ့ လေးမျက်နှာမြို့နယ် တွေဘက်ဆီ အင်အားဖြည့်တင်းတာ ဖြစ်နိုင်တယ်လို့ ပုသိမ်ဒေသခံ တဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်နေတဲ့ဘက်ကို သွားပို့တာပဲ ဖြစ်မယ်၊ ဒီရက်ပိုင်း ကားတွေ တောက်လျှောက်သွားနေတာ လူအပြည့် နဲ့ပဲ။ တခါထွက်ရင် ကား လေးစီးလောက်ပါတယ်” လို့ ပုသိမ်မြို့ခံက ပြောပါတယ်။
သာပေါင်းအပြင် လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တွေတွင်းမှာလည်း စစ်ကော်မရှင်တပ်နဲ့ AA ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာ နေ့စဉ်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ AA ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ပုသိမ် – မုံရွာလမ်းတလျှောက်နေရာတွေကို စစ်ကော်မရှင်တပ်က တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုး စားနေတာပါ။
စစ်တပ်ဟာ ဧရာ၀တီတိုင်းအတွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ သင်တန်းဆင်းကာစ ပြည်သူ့စစ်တွေကို အများအပြား အသုံးပြုနေပါတယ်။တချိန်တည်းမှာပဲ ဧရာ၀တီတိုင်းအတွင်းက ကျေးရွာတွေမှာ တရွာက တလမှာ တယောက်နှုန်းကျ စစ်မှုထမ်းပေးဖို့ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတော်လှန်ရေးတပ်တွေနဲ့ AA အဖွဲ့တို့ဟာ ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ ရေကြည်မြို့နယ်အတွင်း ရှိ ရိုးမတောင်ခြေတလျှောက်၊ ပုသိမ် -မုံရွာလမ်းတလျှောက်ဒေသတွေ၊ သာပေါင်း – ရွှေသောင်ယံတလျှောက် ဒေသ တွေ၊ ရွှေသောင်ယံကမ်းခြေတလျှောက်ဒေသတွေကို သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်း တွေ လည်ပတ်နေပါတယ်။