အမေရိကန်က ဂရင်းလန်းကျွန်းဆီ စစ်ဘက်လေယာဉ်တွေ စေလွှတ်

Financial Times သတင်းစာရဲ့ အဆိုအရ ဂရင်းလန်းကျွန်းကို ရရှိဖို့အတွက် အင်အားသုံးမှာ မဟုတ်ဘူးလို့ သမ္မတထရမ့်က ငြင်းဆိုခြင်းမရှိတာကြောင့် ဒိန်းမတ်နိုင်ငံကလည်း ဂရင်းလန်းကို တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ထားတယ်လို့ သိရပါတယ်။

၂၀၊ ဇန်နဝါရီ။ 

မြောက်အမေရိက လေကြောင်းကာကွယ်ရေးဌာနချုပ် (NORAD) ရဲ့ လေယာဉ်တွေဟာ ကြိုတင်စီစဉ်ထားတဲ့ လုပ်ငန်းစဉ်အမျိုးမျိုးကို ပံ့ပိုးကူညီဖို့အတွက် ပီတပ်ဖစ်အာကာသစခန်းကို မကြာခင် ဆိုက်ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ဂရင်းလန်းကျွန်းကို သိမ်းယူဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှုကြောင့် တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အမေရိကန်က အခုလို NORAD စစ်ဘက်လေယာဉ်ကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

NORAD ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြချက်အရ အဆိုပါလေယာဉ်တွေဟာ ကာလရှည်ကြာ စီစဉ်ထားတဲ့ လုပ်ငန်းစဉ်တွေအတွက် ရောက်ရှိလာမှာဖြစ်ပြီး ဒီလှုပ်ရှားမှုဟာ ဒိန်းမတ်ရော ဂရင်းလန်းအစိုးရနဲ့ပါ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းအလေးအနက် ပြောကြားထားပါတယ်။

“NORAD လေယာဉ်တွေဟာ ဂရင်းလန်းက ပီတပ်ဖစ် အာကာသစခန်းကို မကြာခင် ရောက်ရှိလာမှာပါ။ အမေရိကန်နဲ့ ကနေဒါနိုင်ငံက အခြေစိုက်စခန်းတွေမှာ လှုပ်ရှားနေတဲ့ လေယာဉ်တွေနဲ့အတူ ဒီလေယာဉ်တွေဟာ ကာလရှည်ကြာ စီစဉ်ထားတဲ့လုပ်ငန်းစဉ်တွေကို ပံ့ပိုးသွားမှာဖြစ်ပြီး အမေရိကန်၊ ကနေဒါနဲ့ ဒိန်းမတ်နိုင်ငံတို့ကြားက ခိုင်မာတဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမှာ ဖြစ်ပါတယ်” လို့ NORAD ရဲ့ ပို့စ်မှာ ဖော်ပြထားပါတယ်။

“ဒီလုပ်ဆောင်ချက်ဟာ ဒိန်းမတ်နိုင်ငံနဲ့ ညှိနှိုင်းပြီးသားဖြစ်သလို လိုအပ်တဲ့ သံတမန်ရေးရာ ခွင့်ပြုချက်တွေနဲ့အတူ ဆောင်ရွက်နေတာပါ။ ဂရင်းလန်းအစိုးရကိုလည်း ဒီအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အသိပေးထားပြီး ဖြစ်ပါတယ်” လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

ဂရင်းလန်းကျွန်းကို သိမ်းယူမယ်လို့ သမ္မတထရမ့်က ခြိမ်းခြောက်နေချိန်မှာ ဒိန်းမတ်ဦးဆောင်တဲ့ နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုတွေဂရင်းလန်းမှာ ပြုလုပ်နေစဉ်အတွင်း အမေရိကန်က အခုလို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တာပါ။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာဂျာမနီ၊ ဆွီဒင်၊ ပြင်သစ်၊ နော်ဝေ၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတို့က စစ်ဘက်ဆိုင်ရာ အဖွဲ့ငယ်လေးတွေ စေလွှတ်ပါဝင်ခဲ့ကြပါတယ်။

Financial Times သတင်းစာရဲ့ အဆိုအရ ဂရင်းလန်းကျွန်းကို ရရှိဖို့အတွက် အင်အားသုံးမှာ မဟုတ်ဘူးလို့ သမ္မတထရမ့်က ငြင်းဆိုခြင်းမရှိတာကြောင့် ဒိန်းမတ်နိုင်ငံကလည်း ဂရင်းလန်းကို တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ထားတယ်လို့ သိရပါတယ်။

တနင်္လာနေ့မှာ ဒိန်းမတ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ လေယာဉ်အတော်များများ ဂရင်းလန်းကိုဆိုက်ရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သမ္မတထရမ့်ကတော့ သဘောတူညီချက် မရရှိဘူးဆိုရင် ဥရောပနိုင်ငံတွေအပေါ် အခွန်တိုးမြှင့်မယ်လို့ သတိပေးထားပြီး ဖြစ်ပါတယ်။

အခုအငြင်းပွားမှုဟာ ဆယ်စုနှစ်ပေါင်းများစွာ အနောက်အုပ်စုရဲ့ လုံခြုံရေးကို ထိန်းကျောင်းပေးခဲ့တဲ့ နေတိုး (NATO) မဟာမိတ်အဖွဲ့ကို ပျက်ပြားစေမယ့် ခြိမ်းခြောက်မှုတခု ဖြစ်နေပါတယ်။

Ref – The Week

#အမေရိကန် #ဂရင်းလန်းကျွန်း #စစ်ဘက်လေယာဥ် #စေလွှတ် #DeltaNewsAgency #DNA