
“ အခုက မြစ်တွင်းမှာ သဲတွေ၊ ကျောက်တွေ စုပ်တဲ့ အလုပ်တွေကိုလည်း အလွန်အကျွံ လုပ်ကြတာတွေဟာလည်း မြစ်ကမ်းပါး ပြိုကျမှုတွေနဲ့ ဆက်စပ်နိုင်ပါတယ်။ အခုဆို အဲ့လိုလုပ်နေတာတွေ အရမ်းများလာနေပြီ ”
၁၄၊ဇန်နဝါရီလ။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ထဲက အောက်ပိုင်းကျေးရွာမှာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက တိုးမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့တာကြောင့် နေအိမ် ၃ လုံး (မိသားစု ၃ စု) ပြောင်းရွေ့ခဲ့ရပေမယ့် လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်မှု မရှိခဲ့ပါဘူး။
“ ဒီနေရာက ပြိုကျတော့မယ်ဆိုတော့ နေအိမ်တွေကိုဖျက်ပြီး ပြောင်းရွေ့ခဲ့တယ်။ ဒီမနက်မှာပဲ ပြိုကျသွားတာ ပေ ၂၀ လောက်တော့ နက်မယ်။ လူတွေတော့ ဘာမှဖြစ်မသွားပေမယ့် ဆုံးရှုံးမှုတော့ ရှိမှာပေါ့ ” လို့ မအူပင်မှာ လူမှုကူညီရေး ဆောင်ရွက်ပေးနေသူ တဦးက DNA ကိုပြောပါတယ်။
သူက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဟာ ပြောင်းရွေ့လိုက်ရတဲ့ မိသားစုတွေအတွက် နေအိမ်တွေ ပြန်လည်ဆောက်လုပ် နေထိုင်နိုင်မယ့် နေရာပြန်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဆက်ပြောပါတယ်။
ပုံမှန်အားဖြင့် မြစ်ရေတိုးလို့ ကမ်းပါးပြိုကျတာမျိုး မဟုတ်တာကြောင့် လာမယ့်မိုးရာသီမှာ ဒီနှစ်လိုမျိုး မိုးများမယ်ဆိုရင် မြေပြိုနိုင်မယ့်နေရာတွေ များနိုင်တယ်လို့ ဒေသခံတဦးဖြစ်တဲ့ ကိုထွန်းက ပြောပါတယ်။ သူက မအူပင်မြို့မှာ နေထိုင်သူ တဦးဖြစ်ပြီး မိုးရာသီမှာ မြစ်ရေတိုးမှုနဲ့ ကမ်းပြိုကျမှုတွေကို စောင့်ကြည့်လေ့လာနေသူ တဦးလည်း ဖြစ်ပါတယ်။
“ အခုက မြစ်တွင်းမှာ သဲတွေ၊ ကျောက်တွေ စုပ်တဲ့ အလုပ်တွေကိုလည်း အလွန်အကျွံ လုပ်ကြတာတွေဟာလည်း မြစ်ကမ်းပါး ပြိုကျမှုတွေနဲ့ ဆက်စပ်နိုင်ပါတယ်။ အခုဆို အဲ့လိုလုပ်နေတာတွေ အရမ်းများလာနေပြီ ” လို့ ကိုထွန်းက ဆိုပါတယ်။
သူ့ရဲ့ လေ့လာမှုတွေအရ ၂၀၂၅ ခုနှစ် မိုးရာသီအတွင်းမှာ ဧရာဝတီတိုင်းအတွင်း မြစ်ကမ်းပါး ပြိုကျမှု စုစုပေါင်း ၄၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။