တောင်ကယ်ရိုးလိုင်းနားကိုရောက်လာပြီဖြစ်တဲ့ ငြိမ်းချမ်းရေးဘုန်းတော်ကြီးအဖွဲ့ 

မိုင်ပေါင်း ၂၃၀၀ ငြိမ်းချမ်းရေး လမ်းလျှောက်ခရီးစဉ်ဟာ နောက်ဆုံးပန်းတိုင်အဖြစ် အမေရိကန်ရဲ့ မြို့တော်ဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ အဆုံးသတ်မှာဖြစ်ပါတယ်။

၁၀၊ ဇန်နဝါရီ။

ငြိမ်းချမ်းရေးအတွက် အမေရိကန်ပြည်ထောင်စုတခွင် ခြေလျင်ကြွချီနေကြတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ခရီးစဉ်ဟာ အခုဆိုရင် ရက်ပေါင်း ၇၅ ရက်မြောက်တဲ့အထိ ခရီးပေါက်ခဲ့ပါပြီ။

ဘုန်းတော်ကြီးတွေနဲ့အတူ ‘အာလောက’ လို့ အမည်ရတဲ့ ငြိမ်းချမ်းရေးသံတမန် ခွေးလေးလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ဆလူဒါနဲ့ လိစ်ဗီးလ်မြို့တွေကို ဖြတ်သန်းခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ပြသရင်း ခရီးစဉ်ရဲ့ အနှစ်သာရကို ဖော်ပြခဲ့ပါတယ်.

လမ်းမတွေရဲ့ ဘေးတလျှောက်မှာရော၊ သံဃာတော်တွေ ခေတ္တရပ်နားတဲ့ နေရာတွေမှာပါ ဒေသခံပြည်သူ ရာနဲ့ချီ၊ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါတယ်။

လူအုပ်ကြီးက လမ်းဘေးမှာ တန်းစီပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတဲ့ အခိုက်အတန့်တွေဟာ ခရီးစဉ်တလျှောက် အမှတ်ရစရာ အကောင်းဆုံး ပုံရိပ်တွေအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလို့ Walk for Peace က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ခရီးစဉ်ဟာ ဘုန်းတော်ကြီးတွေရဲ့ ခရီးစဉ်သက်သက် မဟုတ်ဘဲ၊ ငြိမ်းချမ်းရေးစိတ်ဓာတ်နဲ့ အတူတကွ လျှောက်လှမ်းနေကြတဲ့ အားလုံးရဲ့ ခရီးစဉ်ဖြစ်ပြီး မေတ္တာအမြောက်အများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်ပေါင်း ၂၃၀၀ ငြိမ်းချမ်းရေး လမ်းလျှောက်ခရီးစဉ်ဟာ နောက်ဆုံးပန်းတိုင်အဖြစ် အမေရိကန်ရဲ့ မြို့တော်ဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ အဆုံးသတ်မှာဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက်က စတင်ထွက်ခွာလာတဲ့ ဒီခရီးစဉ်ဟာ ရက်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပြီး လူ့အဖွဲ့အစည်းကြားက ကွဲပြားမှုတွေကို စေ့စပ်ပေးဖို့နဲ့ မေတ္တာတရား ပြန့်ပွားဖို့ ရည်ရွယ်ထားတာပါ။

ဆရာတော်တွေဟာ တနေ့ကို ဆွမ်းတနပ်သာ ဘုဉ်းပေးတာ၊ သစ်ပင်အောက် လဟာပြင်မှာပဲ သီတင်းသုံး ကျိန်းစက်တာ စတဲ့ ဓူတင်ကျင့်စဉ်တချို့ကိုလည်း ကျင့်သုံးခဲ့ကြပြီး နေ့စဉ်စားနပ်ရိက္ခာအတွက် လမ်းခရီးတလျှောက်က စေတနာရှင်တွေရဲ့ လှူဒါန်းမှုနဲ့ မေတ္တာတရားကိုသာ မှီခိုရင်း ခရီးစဉ်ကို ဖြတ်သန်းနေကြတာဖြစ်ပါတယ်။

Ref – Peace for Walk