
ဒီဇင်ဘာ ၆ ရက်နေ့က အိုကီနာဝါအနီးရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်း တရုတ်နိုင်ငံရဲ့ လျောင်နင် လေယာဉ်တင်သင်္ဘောပေါ်ကနေ J-15 ဂျက်လေယာဉ်တွေဟာ ဂျပန်လေယာဉ်တွေကို ရေဒါနဲ့ နှစ်ကြိမ်တိုင်တိုင် ချိန်ရွယ်ခဲ့တာပါ။
၈၊ ဒီဇင်ဘာ။
တရုတ်စစ်လေယာဉ်တွေက ဂျပန်ဂျက်လေယာဉ်တွေကို ရေဒါနဲ့ ချိန်ရွယ်ခဲ့တဲ့ ဖြစ်စဉ်ပြီးနောက် ဂျပန်အစိုးရက ဘေဂျင်းသံအမတ်ကို ဆင့်ခေါ်လိုက်ပါတယ်။
ဒါဟာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ မှတ်ချက်စကားတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုးရွားနေချိန်မှာ ဖြစ်ပေါ်လာခဲ့တာပါ။
တရုတ်ဟာ သူတို့အပိုင်လို့ ကြေညာထားတဲ့ ထိုင်ဝိုမ်ကျွန်းကို အင်အားသုံးသိမ်းပိုက်ခွင့်ရှိနေတယ်လို့ အခိုင်အမာဆိုထားတဲ့အပေါ် ဂျပန်က ထိုင်ဝမ်ဘက်ကနေ စစ်ရေးအရ ကူညီမှုတွေ လုပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ လက မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့က အိုကီနာဝါအနီးရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်း တရုတ်နိုင်ငံရဲ့ လျောင်နင် လေယာဉ်တင်သင်္ဘောပေါ်ကနေ J-15 ဂျက်လေယာဉ်တွေဟာ ဂျပန်လေယာဉ်တွေကို ရေဒါနဲ့ နှစ်ကြိမ်တိုင်တိုင် ချိန်ရွယ်ခဲ့တာပါ။
ဒါပေမယ့် တစုံတရာထိခိုက်ပျက်စီးတာတော့ မရှိခဲ့ပါဘူး။
တိုက်လေယာဉ်တွေဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး စစ်ဆင်ရေးတွေအပြင် ပစ်မှတ်တွေကို ခွဲခြားသတ်မှတ်ဖို့အတွက် ပစ်ခတ်မှုထိန်းချုပ်ရေး ရေဒါတွေကို အသုံးပြုလေ့ရှိပါတယ်။
တရုတ်ရေတပ်ဘက်ကတော့ တိုကျိုရဲ့ ပြောဆိုချက်တွေဟာ အချက်အလက်တွေနဲ့ လုံးဝကိုက်ညီမှုမရှိကြောင်း တုံ့ပြန်ခဲ့ပြီး အသရေဖျက် စွပ်စွဲပုတ်ခတ်မှုတွေကို ချက်ချင်းရပ်တန်းကရပ်ဖို့ ဂျပန်ကို အသိပေးထားပါတယ်။
ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖူနာကိုရှီ တာကဲဟီရိုက တရုတ်သံအမတ် ဝူကျန်းဟောင်ကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ ဆင့်ခေါ်တွေ့ဆုံခဲ့ပြီး အဆိုပါ အန္တရာယ်များတဲ့ လုပ်ရပ်တွေအပေါ် အလွန်တရာ ဝမ်းနည်းမိကြောင်းနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောခဲ့ပါတယ်။
“အလားတူ လုပ်ရပ်တွေ ထပ်မဖြစ်ပွားစေရေးနှင့် အသေအချာဆောင်ရွက်ရန် တရုတ်အစိုးရကို ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း” ဖူနာကိုရှီက ပြောခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးချုပ် တာကာအိချိကလည်း ဂျပန်နိုင်ငံအနေနဲ့ “တည်တည်ငြိမ်ငြိမ်နဲ့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ် ၊
ကျွန်မတို့နိုင်ငံ ပတ်ဝန်းကျင် ရေပြင်နဲ့ လေပြင်ပိုင်နက်တွေအတွင်း တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေသလို၊ အဆိုပါ နယ်မြေတွေမှာ လုံခြုံရေး အထူးသတိရှိမှုနဲ့ ထောက်လှမ်းစောင့်ကြည့်ရေး လုပ်ငန်းတွေကိုလည်း စေ့စေ့စပ်စပ်၊ ပြည့်ပြည့်ဝဝ ဆောင်ရွက်သွားမယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အရှေ့တရုတ်ပင်လယ်အတွင်း နှစ်ပေါင်းကြာရှည် တင်းမာမှု ဖြစ်ပွားနေတဲ့ ဂျပန်အုပ်ချုပ်မှုအောက်ရှိ အငြင်းပွားဖွယ်ကျွန်းအနီး ဂျပန်နဲ့ တရုတ်သင်္ဘောတွေ ထိပ်တိုက်တွေ့မှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။
တရုတ်က ဒိုင်အိုယုလို့ခေါ်ပြီး ဂျပန်က ဆင်ကာကု ကျွန်းလို့ ခေါ်ဝေါ်တဲ့ အဆိုပါ ဒေသတစ်ဝိုက်ရှိ ဂျပန်ရေပိုင်နက်ထဲ တရုတ် ကမ်းခြေစောင့် ကင်းလှည့်သင်္ဘော နှစ်စင်း ဝင်ရောက်လာတဲ့အတွက် ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ရကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောထားပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ဂျပန်ငါးဖမ်းသင်္ဘောတစင်းက တရုတ်ရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာလို့ သူတို့အနေနဲ့ လိုအပ်တဲ့ ထိန်းချုပ်ရေး အစီအမံတွေ ဆောင်ရွက်ခဲ့သလို ထွက်ခွာသွားဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။