ပြင်သစ်ဆီကနေ တိုက်လေယာဉ် အစင်း ၁၀၀ ဝယ်ယူမယ့် ယူကရိန်း

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ပါရီမြို့အနီး လေတပ်စခန်းတစ်ခုမှာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ တွေ့ဆုံခဲ့ပြီး သမိုင်းဝင် နှစ်နိုင်ငံ ပူးပေါင်းလိုတဲ့ ရည်ရွယ်ချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၁၈၊ နိုဝင်ဘာ။

ယူကရိန်းဟာ ပြင်သစ်နိုင်ငံထုတ် Rafale F4 တိုက်လေယာဉ် အမျိုးအစား အစင်း ၁၀၀ နဲ့  အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို  ရရှိတော့မှာဖြစ်ပြီး ရုရှားရဲ့ရန်ကနေ ကာကွယ်ဖို့ ပြင်သစ်နိုင်ငံနဲ့ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ပါရီမြို့အနီး လေတပ်စခန်းတစ်ခုမှာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ တွေ့ဆုံခဲ့ပြီး သမိုင်းဝင် နှစ်နိုင်ငံ ပူးပေါင်းလိုတဲ့ ရည်ရွယ်ချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Rafale F4 အမျိုးအစား တိုက်လေယာဉ်တွေ ပေးပို့မှုကို ၂၀၃၅ ခုနှစ်မှာ အပြီးသတ်ဖို့ စီစဉ်ထားပြီး ကြားဖြတ်အဖျက်ဒရုန်း ပူးတွဲထုတ်လုပ်မှုဆိုင်ရာ ကဏ္ဍတွေကိုတော့ အခုနှစ်မှာ စတင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။

ယူကရိန်းကတော့ အလွန်အားကောင်းတဲ့ ပြင်သစ်ရေဒါတွေ၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ရှစ်ခုနဲ့ တခြားအဆင့်မြင့် လက်နက်တွေကိုလည်း ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဇလန်းစကီးက အဆိုပါ အဆင့်မြင့်စနစ်တွေကို အသုံးပြုတာဟာ တဦးတယောက်ရဲ့ အသက်ကို ကာကွယ်တာနဲ့ အတူတူပဲဖြစ်တာကြောင့် အလွန်အရေးကြီးတယ်လို့ အလေးပေး ပြောထားပါတယ်။

ရုရှားဟာ မကြာသေးမီလတွေက ယူကရိန်းကို ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ တိုးမြှင့်ခဲ့ပြီး စွမ်းအင်နဲ့ ရထားလမ်းအခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ နိုင်ငံအနှံ့အပြားမှာ ကြီးမားတဲ့ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။

ယူကရိန်းနဲ့  အနောက်မဟာမိတ်တွေကတော့ တိုက်ခိုက်မှုတွေကို စစ်ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ထားပြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်က “ကျွန်တော်တို့ Rafale ၁၀၀ ကို စီစဉ်ထားပါတယ်။ ဒါက ကြီးမားပါတယ်။ ဒါတွေက ယူကရိန်းစစ်တပ် ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်တဲ့အရာပါ”လို့  ပြောပါတယ်။

ဒါ့အပြင် ပြင်သစ်သမ္မတက ယူကရိန်းကို ရှေ့ဖြစ်လာမယ့် အရာတွေအတွက် ပြင်ဆင်ဖို့ ကူညီလိုကြောင်းလည်း ထပ်လောင်းပြောခဲ့ပါတယ်။

Ref – BBC