စစ်ဆင်ရေးမစခင် အရပ်သားတွေကို ဂါဇာတောင်ပိုင်းဆီ ရွေ့ပြောင်းဖို့ အစ္စရေးစစ်တပ်ပြင်ဆင်

ကုလလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ရုံးပြောခွင့်ရပုဂ္ဂိုလ်တဦးက ပြည်သူတွေကို ဂါဇာတောင်ပိုင်းရွှေ့မယ့် အစ္စရေးရဲ့ အစီအစဉ်နဲ့ ပတ်သတ်ပြီး စိုးရိမ်ကြောင်းနဲ့ ဒုက္ခပိုများနိုင်တယ်လို့  မှတ်ချက်ပြုခဲ့ပါတယ်။

၁၇ ၊ ဩဂုတ်လ။

စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်နေတဲ့ ဂါဇာဒေသမှာ တိုက်ပွဲဇုန်က အရပ်သားပြည်သူတွေ လုံခြုံရေးဘေးကင်းစေဖို့အတွက် တောင်ပိုင်းကို ရွေ့ပြောင်းပေးသွားမှာဖြစ်ပြီး အမိုးအကာတွေကို ထောက်ပံ့ပေးသွားမယ်လို့ အစ္စရေးစစ်တပ်က ဩဂုတ်လ ၁၆ရက်နေ့က ပြောပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ မြောက်ပိုင်းက ဂါဇာစီးတီးကို သိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေးအသစ် ပြုလုပ်သွားမယ်လို့ ကြေညာပြီး ရက်ပိုင်းမှာပဲ အရပ်သားတွေကို တောင်ပိုင်းရွေ့ပြောင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ စုစုပေါင်း လူဦးရေ ၂ ဒဿမ ၂သန်းခန့်ရှိပြီး အခုနှစ်အတွင်း အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အကြီးအကျယ်အငတ်ဘေးကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ကုလလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ရုံးပြောခွင့်ရပုဂ္ဂိုလ်တဦးက ပြည်သူတွေကို ဂါဇာတောင်ပိုင်းရွှေ့မယ့် အစ္စရေးရဲ့ အစီအစဉ်နဲ့ ပတ်သတ်ပြီး စိုးရိမ်ကြောင်းနဲ့ ဒုက္ခပိုများနိုင်တယ်လို့  မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမယ့် အမိုးအကာတွေ ထောက်ပံ့မယ့် အစီအစဉ်ကိုတော့ ကြိုဆိုခဲ့ပါတယ်။

အမိုးအကာအထောက်ပံ့တွေကိုတော့ ကာကွယ်ရေးဌာနက စစ်ဆေးပြီးနောက် ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာကူညီရေးအဖွဲ့အစည်းတွေကနေတဆင့် လွှဲပြောင်းပေးသွားမယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

ဒါပေမယ့် ဂါဇာတောင်ပိုင်းအပါအဝင် အဆိုပါဒေသတခုလုံးဟာ မလုံခြုံဘူးလို့ ပါလက်စတိုင်းနဲ့ ကုလအရာရှိတွေက ပြောကြပါတယ်။

အစ္စရေး ဝန်ကြီးချူပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာကမ်းမြောင်တခုလုံးကို သိမ်းပိုက်ဖို့ စီစဥ်နေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပြီး ဒီအစီအစဉ်ကို အစ္စရေးနိုင်ငံတွင်းက လူအများအပြားနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်ထားကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk က ဂါဇာမှာ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ တောင်းဆိုထားပြီး စစ်ပွဲတွေ အရှိန်မြင့်တာက နောက်ထပ် သေကြေပျက်စီးမှုတွေ ပိုဖြစ်လာစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

Ref – BBC/ Reuters