ရေးသားသူ – မောင်မျိုးထက် (ပုသိမ်)
၁၃ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀ ။(သတင်းဆောင်းပါး)
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေမြို့က သိမ်းဆည်းခံမြေယာတွေ ပြန်လည်ပေးအပ်ချထားတာနဲ့ ပါတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး(တိုင်း/ခရိုင်/ မြို့နယ်) မြေစစ်ကော်မတီအဆင့်ဆင့်ရဲ့ မြေယာမူဝါဒနဲ့ မညီညွှတ်တဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက်ကို ကန့်ကွက်တယ်လို့ နစ်နာသူဒေသခံတောင်သူတွေနဲ့ တရားဝင် မြေယာပိုင်ဆိုင်ထားသူတွေက ပြောပါတယ်။
ချောင်းသာကမ်းခြေမြို့က ဒေသခံတောင်သူတွေနဲ့ တရားဝင်မြေယာပိုင်ဆိုင်သူ ဦးအောင်နိုင်အပါအဝင်(၂၁)ဦးက သူတို့ရဲ့မြေယာ(၂၆)ဧကဝန်းကျင်ကျော်ကို ဧရာဝတီ တိုင်းဒေသကြီး(တိုင်း/ခရိုင်/ မြို့နယ်) မြေစစ်ကော်မတီ အဆင့်ဆင့်က ရန်ကုန်မြို့နေထိုင်သူ ဒေါ်တင်တင်လှိုင်ကို ချထားပေးတာနဲ့ ပါတ်သက်ပြီး ပုသိမ်မြို့ ဗိုလ်ဗဌေးလမ်းက ရှစ်လေးလုံး အရေးတော်ပုံ အင်အားစု( ဧရာဝတီ)ရုံးရဲ့ အစည်းအဝေးခန်းမမှာ သတင်းစာရှင်းလင်း ပွဲလုပ်ပြီး ကန့်ကွက်ခဲ့တာပါ။
ဧရာဝတီတိုင်းဒေသကြီး (တိုင်း/ခရိုင်/ မြို့နယ်) မြေစစ်ကော်မတီ အဆင့်ဆင့်ရယ် ဒေသခံဦးအောင်နိုင် အပါအဝင်(၂၁)ဦးရယ်နဲ့ ရန်ကုန်မြို့နေထိုင်သူ ဒေါ်တင်တင်လှိုင်တို့ရဲ့ သုံးပွင့်ဆိုင် မြေယာပြသနာလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ချောင်းသာကမ်းခြေမြို့နဲ့ ရွှေသောင်ယံကမ်းခြေမြို့ ကားလမ်းမဘေးရှိ ရွှေင်္ဟသာဟိုတယ် ၊ ACEဟိုတယ် ၊မေဖလားဝါး ပုဇွန်ကန် (ကျောက်မောင်နှမစေတီ အထိ) ရှိတဲ့ ဒေသခံတွေရဲ့ ၁၉၉၁ /၉၂ ခုနှစ်က သိမ်းဆည်းခံမြေဧက (၅၀)ဝန်းကျင်ကျော်ကို ရန်ကုန်မြို့နေထိုင်သူ ဒေါ်တင်တင်လှိုင်က အရောင်းအဝယ် စာချုပ် စာတန်းတွေနဲ့ သူမပိုင်ဆိုင်ပါတယ်ဆိုပြီး မြေယာပြန်ချပေးဖို့ ဧရာဝတီတိုင်းဒေသကြီး(တိုင်း / ခရိုင် / မြို့ နယ်) မြေစစ်ကော်မတီအဆင့်ဆင့်ထံကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ တင်ပြခဲ့ပါတယ်။
တင်ပြတောင်းဆိုတဲ့ သိမ်းဆည်းခံမြေယာဧက ၅၀ကျော်အနက် မြေဧက ၂၆ဧကကျော်ကို ဧရာဝတီတိုင်းဒေသကြီး (တိုင်း/ ခရိုင်/ မြို့နယ်) မြေစစ်ကော်မတီ အဆင့် ဆင့်က သက်ဆိုင်သူလက်ဝယ် ဂရန်ပိုင်ဆိုင်ရှိသူတွေ အားလုံးကို ပွင့်လင်းမြင်သာ မစစ်ဆေးပဲ ဒေါ်တင်တင်လှိုင်ကို ပေးဖို့ ၂၀၂၀ခုနှစ် နှစ်လယ်ပိုင်းမှာ တစ်ဖက်သတ် ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ဆိုပါတယ်။
“ဒေါ်တင်တင်လှိုင်ဟာ ခိုင်မာမှုမရှိတဲ့ စာချုပ်စာတန်းတွေကို အတုလုပ်ပြီး တင်ပြခဲ့တာပါ၊ ဒါကို ဧရာဝတီတိုင်းဒေသကြီး(တိုင်း / ခရိုင်/ မြို့နယ်) မြေစစ်ကော်မတီ အဆင့်ဆင့်က နှစ်ဖက်သက်သေအားလုံးကို သေချာစစ်ဆေးတာ မရှိဘူး ၊ကျွန်တော်တို့မှာ ပိုင်ဆိုင်မှု အထောက်အထားတွေ ခိုင်ခိုင်မာမာရှိနေတယ်။ တစ်ဖက်က တင် ပြတဲ့အတိုင်း ဘက်လိုက်ပြီး အနိုင်ပေးလိုက်တယ်၊ ဘက်လိုက်ဆောင်ရွက်တာရယ် ပွင့်လင်းမြင်သာမှု မရှိတာရယ်ကြောင့် တရားမျှတမှုအတွက် သမ္မတကြီးနဲ့နိုင်ငံတော် အတိုင်ပင်ခံ တို့ထံ တင်ပြရတာပါ” လို့ မြေယာတွေကို ဂရန်တွေနဲ့ တရားဝင်ပိုင်ဆိုင်ထားတဲ့ တောင်သူ(၂၁)ဦးကိုယ်စား ဒေသခံနစ်နာသူ မူလမြေပိုင်ရှင် ဦးအောင်နိုင်က ပြောပါတယ်။
တင်ပြထားတဲ့ မြေရောင်းဝယ် စာချုပ်စာတန်းတွေမှာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို တရားဝင် မှတ်ပုံတင်ထား မရှိကြောင်း၊ ဦးပိုင်အမှတ် မြေတည်နေရာ နယ်နမိတ် ဖေါ်ပြတာ မရှိကြောင်း၊ စာချုပ်စာတန်းပါ လက်မှတ် ရေးထိုးသူထဲမှာ စာမတတ်သူတွေ ပါဝင်နေပေမယ့် လက်မှတ်ရေးထိုးထားတာ တွေ့ရကြောင်း၊ အချို့စာချုပ် လက်မှတ်ရေးထိုးတဲ့ ရက်စွဲဟာ လက်မှတ်ရေးထိုးသူ သေလွန်ပြီး နောက်ပိုင်းရက်စွဲ ဖြစ်နေကြောင်း၊ ဦးအောင်နိုင်က ဆိုပါတယ်။
၁၉၅၃ခုနှစ် မြေယာဥပဒေအရ မြေယာကို လွဲပြောင်း ရောင်းချခြင်းမပြုရတဲ့ အချိန်ကာလမှာ မြေယာကို ရောင်းချတဲ့ စာချုပ်တွေ ဖြစ်နေလို့ အကျုံးမဝင်တဲ့အပြင် နှစ် ၃၀ ဂရန် အမည်ပေါက်ကို ဂရန်ဖျက်သိမ်းဖို့လုပ်တဲ့ တိုင်းဒေသကြီး မြေစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်က ဗဟိုမြေစစ်ကော်မတီရဲ့ မြေစစ်မူဝါဒ ၅၂ချက်နဲ့ မညီညွှတ်ပါဘူး။
မူဝါဒ ၅၂ချက်အရ ဂရန်ဖျက်သိမ်းဖို့ကို ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပြီး တိုင်းဒေသကြီးအဆင့်အနေနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ ၇ ၊ ပုံစံ ၁၀၅ နဲ့ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လယ ၃၉ တို့ကိုသာ ဆုံးဖြတ်နိုင်ပါတယ်။
နစ်နာသူ ချောင်းသာဒေသခံ ဒေါ်အေးအေးအောင်က“ကျွန်မ အဖေ (ယောက္ခမ) ဦးလှတင်ကို မြေမရောင်းပဲနဲ့ ရောင်းချထားတယ် ဆိုပြီး လက်မှတ်အတုနဲ့ အရောင်းအဝယ် စာချုပ်အတု လုပ်တယ်၊ စီအိုင်ဒီက စစ်ဆေးချက်အရ လက်မှတ်တွေဟာ သက်ရှိထင်ရှား မူလပိုင်ရှင် ကျွန်မအဖေ ဦးလှတင်ရဲ့လက်မှတ်မဟုတ်ပဲ ကွဲလွဲနေတယ်လို့ အကြောင်း ပြန်တယ်။ အဲဒီလို စာချုပ်အတုတွေနဲ့ ဒေသခံတွေရဲ့ မြေတွေ ကို သူ (ဒေါ်တင်တင်လှိုင်) ကပိုင်တယ်ဆိုပြီး မတရားလုပ်နေတာကို မြေစစ်တွေက ဘက်လိုက် ဆုံးဖြတ်ပါတယ်”လို့ ဆိုပါတယ်။
ရန်ကုန်မြို့နေထိုင်သူ ဒေါ်တင်တင်လှိုင်ကို ဒေသခံတွေက တရားမမှုအပါအဝင် ရာဇဝတ်မှု ပုဒ်မ ၄၂၀/၄၆၈/၁၁၄ တို့ နဲ့ ရဲစခန်း ၊ တရားရုံးတို့မှာ အမှုဖွင့် တိုင်ကြားထားပေမယ့် တစ်စုံတစ်ရာ ဖိအားပေးမှုကြောင့် ကြန့်ကြာမှုတွေရှိနေကြောင်း နစ်နာသူဒေသခံတွေ သုံးသပ်ပြောဆိုပါတယ်။
ချောင်းသာဒေသရှိ အဲဒီမြေယာအငြင်းပွားမှုကိစ္စနဲ့ ပါတ်သက်ပြီး တိုင်းဒေသကြီးမြေစစ်ကော်မတီရဲ့ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း မြေစစ်ကော်မတီမှာ ပါဝင်တဲ့ တောင်သူကိုယ်စားပြုသူများအစုအဖွဲ့ရဲ့ စစ်ဆးတွေ့ရှိချက်ကို မြေယာမူဝါဒ ၅၂ချက်နဲ့အညီ ဆောင်ရွက်ဖို့ ကော်မတီအတွင်း မှတ်တမ်းတင်ထားကြောင်း ၊ အဲဒီကိစ္စကို ဆက်လက် ဆောင် ရွက်ဖို့ လုပ်ငန်းများ ရှိနေလို့ ဂဃနဏ မပြောပြနိုင်သေးကြောင်း မြေစစ်ကော်မတီ အဆင့်ဆင့် ရဲ့ တောင်သူ ကိုယ်စားပြု သူတွေ အစုအဖွဲ့ဝင် အချို့ဆီက စုံစမ်းသိရှိ ရပါတယ်။
“ဒေါ်တင်တင်လှိုင် မြေပြန်တောင်းတာနဲ့ ပါတ်သက်ပြီး ရွှေင်္ဟသာဟိုတယ်မြေယာနေရာနဲ့ ချောင်းသာလော့ ဟိုတယ်နေရာကို ၁၉၉၁ /၁၉၉၂ ခုနှစ်က ဒေါ်တင်တင်လှိုင်က ဝယ်ခဲ့တယ်လို့ သူ့(ဒေါ်တင်တင်လှိုင် ) ညီမ ဖြစ်သူ ဒေါ်နန်း အုန်းအုန်းမြင့်က ပြောပါတယ်။ အထက်က မြေစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ မြေယာ မူဝါဒ ၅၂ ချက် နဲ့ မညီညွှတ်ဘူး”လို့ ချောင်းသာကျေးရွာအုပ်စုရဲ့ မြေစစ်ကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဦးတေဇာအောင်က ပြောပါတယ်။
၁၉၉၁ /၉၂ ခုနှစ်က ဒေါ်တင်တင်လှိုင်ရဲ့ ယောင်္ကျားဖြစ်သူ အာရှပစိဖိတ်လေကြောင်းလိုင်းပိုင်ရှင် နိုင်ငံခြားသား မစ္စတာ ပက်ဂျိမ်းက ရွှေင်္ဟသာဟိုတယ် မြေယာနေရာနဲ့ ချောင်းသာလော့ဟိုတယ် မြေယာနေရာ ၃ဧက နဲ့ ၅ ဧက အကြားရှိ အကျယ်အဝန်းမှာ သစ်သားဘန်ဂလိုများ လုပ်ဆောင်ခဲ့ပြီး ၁၉၉၃ /၉၄ ခုနှစ်မှာ မစ္စတာပက်ဂျိမ်းဟာ ထိုစဉ်က အာဏာသိမ်းအစိုးရနှင့် နိုင်ငံရေးငြိစွန်းမှုကြောင့် အစိုးရကအရေးယူတဲ့အတွက် အဲဒီဘန်ဂလိုတွေကို မီးရှို့ဖျက်သိမ်းပြီး မြန်မာနိုင်ငံ က ပြန်သွားပါတယ်။
“မြေတွေကို အဲဒီခေတ်အစိုးရက ဒေသခံတွေဆီက နည်းအမျိုးမျိုးနဲ့ သိမ်းခဲ့ကြတာ။ ဒါပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက် မြေသိမ်းတာမဟုတ်ဘူး ၊ ပက်ဂျိမ်းရဲ့ မြေတွေကိုလည်း ပြန်သိမ်းလိုက်တယ်” လို့ ချောင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးတေဇာအောင်က ပြောပါတယ်။
ချောင်းသာ ကမ်းခြေမြို့နဲ့ ရွှေသောင်ယံကမ်းခြေမြို့ ကားလမ်းမဘေးရှိ ရွှေင်္ဟသာဟိုတယ် ၊ ACE ဟိုတယ် ၊မေဖလား ဝါး ပုဇွန်ကန်(ကျောက် မောင်နှမ စေတီ အထိ )ရှိတဲ့ ဒေသခံတွေရဲ့ ၁၉၉၁ /၉၂ ခုနှစ်က သိမ်း ဆည်းခံမြေဧက ၅၀ ဝန်းကျင်ကျော်ကို ပြန်တောင်းတဲ့ ရန်ကုန်မြို့နေ ထိုင်သူ ဒေါ်တင်တင်လှိုင်ကတော့ “ကျွန်မ မမှန်မကန်ဘူး ဆိုရင် ဒီလိုအခြေအနေမျိုးကို ရောက်လာစရာ မရှိပါဘူး ကျွန်မက သေသေချာချာ ပိုင်ဆိုင်ခဲ့တာပါ သက်သေအထောက်အထားတွေရှိပါတယ် သြဇာသိက္ခာရှိတဲ့ ဆရာတော်ကြီးတွေ လူပုဂ္ဂိုလ်တွေ အစိုးရဝန်ထမ်းတွေ ရွာသူရွာသားတွေ ရှိပါတယ် ခုတော့ဘာမှဆက်ပြီး မပြောလိုသေးဘူး နောက်များမှ လိုအပ်သလို ပြောပေးပါမယ်လို့ ဆိုပါတယ်။
ဒီသုံးပွင့်ဆိုင် မြေယာပြဿနာမှာ နာမည်ကြီး မြေယာအရောင်းအဝယ် လုပ်ငန်းရှင်ကြီးတစ်ဦးနဲ့ မြေယာပွဲစားတွေ အကြီးအကဲတစ်ဦးရဲ့ မွေးစားသားလို့ မိမိကိုယ်မိမိ ပြောဆိုတတ်သူနဲ့ အဲဒီအကြီးအကဲနဲ့ ညီအကို တော်စပ်သူလို့ မိမိကိုယ်မိမိ ပြောဆိုလေ့ရှိသူ ကိုယ်စားလှယ်တစ်ဦးတို့လည်း ပါဝင်ပါတ်သက်နေတယ်လို့ ဒေသခံနစ်နာသူတွေက ပြောဆိုပါတယ်။
ဒါ့အပြင် အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့် က တာဝန်ရှိသူတွေနဲ့ တရားစွဲအဖွဲ့အစည်း ဝန်ထမ်းအချို့ကိုလည်း ဥပဒေကြောင်းအရ ဆောင်ရွက်ပေးရာမှာ ကြန့်ကြာမှု ရှိနေလို့ နစ်နာသူတွေက တာဝန်ရှိသူ သက်ဆိုင်ရာဌာန အကြီးအကဲတွေထံကို တိုင်ကြားတင်ပြပေမယ့် အရေးယူဆောင်ရွက်တာမှာ အားနဲမှုတွေ ရှိခဲ့ပါတယ်။
ချောင်းသာဒေသကသိမ်းဆည်းခံ မြေယာတွေနဲ့ ပါတ်သက်ပြီး နစ်နာမှုတွေအတွက် ဒေသခံတွေက တောင်းဆိုနေတဲ့ မြေယာမှုခင်း (၁၀၀)ဝန်းကျင်ကို ၂၀၁၂ခုနှစ်ကနေ ဒီနေ့တိုင် ၂၀၂၀ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလ အထိ ပြန်မရသူတွေ ရှိနေပေမယ့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး သိမ်းဆည်းခံ မြေယာတွေကို ပြန်တောင်းဆိုခဲ့တဲ့ ဒေါ်တင်တင်လှိုင်ကိုတော့ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ မတိုင်ခင် မြေယာတွေ အလျှင်အမြန် ပြန်ပေးပြီး ဒေသခံတွေရဲ့ နှစ် ၃၀ဂရန် ပိုင်ဆိုင်မှုကို ပြန်လည်ဖျက်သိမ်းဖို့ တိုင်းမြေစစ် ကော်မတီက လုပ်ဆောင်နေတာမျိုးပါ။
နှစ်ဘက် သက်သေတွေကို ပွင့်လင်းမြင်သာ ပြည့်စုံအောင် မစစ်ဆေးခဲ့တာ၊ ဥပဒေကြောင်းအရ မြေယာပိုင်ဆိုင်မှု အထောက်အထားတွေ တရားရုံး ဆုံးဖြတ်ချက် မရှိသေးဘဲ မြေစစ်ကော်မတီက ဒေါ်တင်တင်လှိုင်ကို ပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်တာ ၊ မြေယာတွေ ဂရန်ပယ်ဖျက်သိမ်းရာမှာ ပြည်ထောင်စုအစိုးရအဆင့်က ပယ်ဖျက်ရမယ့် ကိစ္စကို တိုင်းဒေသကြီး အစိုးရက ဂရန်ပယ် ဖျက်ဖို့လုပ်တာတွေကို မြေစစ်ကော်မတီ အဆင့်ဆင့်က လုပ်ဆောင်ခဲ့တယ် ဆိုရင်တော့ အမှားတွေ ဖြစ်နေတယ်လို့ မြေယာမူဝါဒ ကျွမ်းကျင်သူတွေက ကောက်နုတ်ပြပါတယ်။
ချောင်းသာကမ်းခြေမြို့က ဒီမြေယာ အငြင်းပွားနေမှုနဲ့ ပါတ်သက်လို့ ဧရာဝတီတိုင်းဒေသကြီး မြေစစ်ကော်မတီဥက္ကဌ ဖြစ်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ ဆက်သွယ် မေးမြန်းပေမယ့် ဖုန်းအဝင်ခေါ်ဆိုမှုတွေ ပိတ်ထားတာကြောင့် ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။
တိုင်းဒေသကြီး မြေစစ်ကော်မတီအနေနဲ့ မြေယာကိစ္စတွေကို မြေယာမူဝါဒနဲ့ မညီညွှတ်ပဲ ဆုံးဖြတ်ပေးလိုက်လို့ နစ်နာသူတွေက ပြည်ထောင်စု တရားလွှတ်တော်မှာ စာချွန်တော်တက်တဲ့အခါ တိုင်းမြေစစ်ရဲ့ ဆုံးဖြတ်ချက်က မူဝါဒ ၅၂ ချက်နဲ့မညီညွှတ်လို့ ရှုံးနိမ့်ခဲ့ရင် တိုင်းမြေစစ်ကော်မတီမှာ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေပါဝင်နေတာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။