ငွေဆောင်ကမ်းခြေမှာ ရေလာကူးတဲ့ လူငယ်နှစ်ယောက် ရေနစ်သေဆုံး

၂၀ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀။

မနေ့က ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေမှာ ရေလာကူးတဲ့ လူငယ်နှစ်ယောက် ရေနစ်သေဆုံးခဲ့ကြတယ်လို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က ပြောပါတယ်။

“သူတို့က ကားနဲ့လာတာ တာ၀န်ရှိသူတွေကမြို့စစ်ဆေးရေးဂိတ်မှာတားလိုက်သေးတယ်။ ညနေကြတော့ ရေနစ်တယ်သတင်းကြားရတော့တာပဲ”လို့ သူကပြောပါတယ်။

အဲ့ဒီလူငယ်နှစ်ဦးဟာ ပုသိမ်မြို့ကနေ လာရောက်ကြတာဖြစ်ပြီး ရေနစ်တဲ့သတင်းကြားရတဲ့နောက်ပိုင်း ဒေသခံတွေနဲ့ရေငုပ်သမားတွေက လိုက်လံရှာဖွေခဲ့ကြတာပါ။

မနေ့ညနေ၆နာရီမှာ လူငယ်အမျိုးသမီးရဲ့ အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ လူငယ်အမျိုးသားရဲ့ အလောင်းကိုတော့ ဒီနေ့မနက်ပိုင်းမှာ
တွေ့ရှိခဲ့ပြီး ငွေဆောင်ဆေးရုံမှာ ရင်ခွဲစစ်ဆေးမှူတွေပြုလုပ်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက်၂၀ခန့်ရှိကြပြီး အမျိုးသားက ပုသိမ်မြို့ အမှတ်၆ရပ်ကွက်မှာနေထိုင်သူဖြစ်ကာ အမျိုးသမီးကတော့ အမှတ်၅ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီအမှုနဲ့ ပတ်သတ်ပြီး သေမှုသေခင်းအမှုအဖြစ်စစ်ဆေးသွားမယ်လို့ ငွေဆောင်နယ်မြေရဲစခန်းကနေ သိရပါတယ်။

ကိုဗစ် ကပ်ရောဂါကာလအတွင်း ဧရာဝတီတိုင်းအစိုးရက မတ်လကစပြီး ကမ်းခြေနဲ့အပန်းဖြေစခန်းတွေ ပိတ်သိမ်းဖို့အမိန့်ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် ပုသိမ်၊ မအူပင်နဲ့ဖျာပုံမြို့တွေကို Stay at Homeမြို့နယ်တွေအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

Photo Credit – Facebook