အိုမန်မှာ မြန်မာအချင်းချင်း သတ်တဲ့အမှု အခြေအနေ ဘယ်လိုရှိနေလဲ

သေဆုံးသူ မယုနန္ဒာဟာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့က ဖြစ်ပြီး သူ့ရဲ့ မိခင်ဖြစ်သူဟာလည်း အိုမန်မှာပဲ အိမ်အကူလုပ်ကိုင်နေရင်း လူရှာပွဲစားအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။

၁၄၊ဇူလိုင်လ။

အိုမန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ မြန်မာ အချင်းချင်း လူသတ်မှု ကျူးလွန်ခဲ့တဲ့ ကိစ္စမှာ အိုမန်မှာရှိနေကြတဲ့ မြန်မာအသိုင်းအဝိုင်းအများစုက အေဂျင်စီတွေရဲ့မတရား ပြုကျင့်မှုတွေ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန် ပြောဆိုနေတာတွေရှိနေပါတယ်။

“ အိုမန်မှာက အိမ်အကူတွေကို မုဒိမ်းကျင့်တယ်ဆိုတဲ့ ကိစ္စက အများကြီးဖြစ်နေကြတာ။ ဘယ်အေဂျင်စီကမှ မရှင်းပေးဘူး။ အေဂျင်စိကို သွားတိုင်ရင် ရိုက်နှက်ခံရတာတွေလည်းရှိတယ် ” လို့ အိုမန်ရောက် မြန်မာနိုင်ငံသားများနဲ့ပတ်သက်တဲ့ ဂရုတခုရဲ့ အက်မင်ဖြစ်သူက ပြောပါတယ်။

လွန်ခဲ့တဲ့  ဇူလိုင် ၆ ရက်နေ့က အိုမန်ရဲ့ ဆိုဟာမြို့မှာ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်နေသူ မလွင်မာမြင့်က အေဂျင်စီရုံးဝန်ထမ်းဖြစ်သူ မယုနန္ဒာကို သတ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ဒီအမှုကို အိုမန်နိုင်ငံက သတင်းစာတချို့ကလည်း ဖော်ပြခဲ့ကြပါတယ်။

ဒီအမှုမှာ အေဂျင်စီရုံးက မယုနန္ဒာဆိုတဲ့ အမျိုးသမီးကို အဲ့ဒီအေဂျင်စီကနေ ခေါ်ယူခဲ့တဲ့ အိမ်အကူအလုပ်သမားဖြစ်သူ မလွင်မာမြင့်က သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မလွင်မာမြင့်ကို အေဂျင်စီပိုင်ရှင်တဦးက အဓမ္မပြုကျင့်ခဲ့တဲ့အတွက်  မယုနန္ဒာကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပြီး ၊ အဲဒီကိစ္စကို မလွင်မာမြင့်က သူ့မိသားစုနဲ့ ပြန်တိုင်ပင်ခဲ့တာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။ဒီအချက်တွေကို မူတည်ပြီး လူသတ်မှုကို မလွင်မာမြင့်က ကျူးလွန်ခဲ့တယ်ဆို ယူဆနေကြတာပါ။

ပုံမှန်အားဖြင့် အိုမန် အပါအဝင် UAE နိုင်ငံတွေကို အိမ်အကူအဖြစ် အလုပ်လာရောက်လုပ်ကိုင်ကြတဲ့ မြန်မာတွေ အနေနဲ့ အလုပ်ပင်ပန်းတာနဲ့ အစားအသောက် အနေအထိုင် အဆင်မပြေတဲ့ သတင်းတွေကိုသာ လူသိများကြပေမယ့် မြန်မာအိမ်ဖေါ် အမျိုးသမီးတွေ အနေနဲ့  အဓမ္မပြုကျင့်ခံရတာနဲ့ နှိပ်စက်ခံရတဲ့ ကိစ္စတွေ အများကြီးရှိနေတယ်လို့ အိုမန်ရောက် မြန်မာအသိုင်းအဝန်းက ပြောပါတယ်။

“ အိုမန်မှမဟုတ်ဘူး UAE ဘက်ကို အိမ်အကူအဖြစ်သွားလုပ်ကြသူတွေ အများကြီးရှိတယ်။ သူတို့အတွက် အရေးအကြီးဆုံးက အေဂျင်စီနဲ့ ဒါမှမဟုတ် အိမ်ရှင်နဲ့ စာချုပ်ချုပ်ထားလား။ အဲ့ဒီစာချုပ်မှာ ဘာအကြောင်းအရာတွေပါလဲဆိုတာကို သိဖို့လိုတယ်။ တခုခုဖြစ်လာရင် ဖြေရှင်းဖို့ စာချုပ်လိုတယ်ဆိုတာကို အလုပ်သမားတွေ သတိပြုဖို့လိုတယ်။ ဒါက နိုင်ရေးကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လိုတယ်။ မကောင်းရင် ပိုလိုအပ်ပါတယ် ” လို့ အလုပ်သမားရေး ကျွမ်းကျင်သူ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက DNA ကိုပြောပါတယ်။

သေဆုံးသူ မယုနန္ဒာဟာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့က ဖြစ်ပြီး သူ့ရဲ့ မိခင်ဖြစ်သူဟာလည်း အိုမန်မှာပဲ အိမ်အကူလုပ်ကိုင်နေရင်း လူရှာပွဲစားအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။

“ အခုက သူ့ကို(မလွင်မာမြင့်) မြန်မာနိုင်ငံကို ပြန်ပို့မယ်ပြောနေကြပေမယ့် သူမိသားစုဆီကိုတော့ အဲ့သတင်းက မရောက်သေးဘူးလို့ သိထားတယ်။ သူတို့က ရိုးလည်းရိုးကြတော့ ခုအမှုကို ဆက်လိုက်ဖို့လည်း ခက်ခဲနေတယ် ” လို့ မလွင်မာမြင့်ရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

မလွင်မာမြင့်ကို အဲ့ဒီနေ့မှာပဲ အိုမန်လေဆိပ်မှာ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေကြပေမယ့် ဒီအမှုနဲ့ ပတ်သက်လို့ တစုံတခု ထုတ်ပြန်ထားတာမျိုး လုံးဝ မရှိသေးဘူးလို့ အိုမန်ရောက် မြန်မာ အသိုင်းအဝိုင်းတွေ ဆီက သိရပါတယ်။

“ အခုက မြန်မာနဲ့ မြန်မာ ဖြစ်တာမို့ မြန်မာကို ပြန်ပို့မယ်ဆိုတဲ့ ထင်ကြေးတွေနဲ့ ပြောနေကြတာပါ။ ဒီက ဥပဒေအရတော့ ကျွန်တော် သိသလောက်တော့ လူသတ်မှုမှာ ဘယ်နိုင်ငံသားတွေပဲဖြစ်ဖြစ် ဒီကဥပဒေနဲ့ပဲ အရေးယူမယ်လို့ပဲ နားလည်ထားပါတယ် ” လို့ အိုမန်ရောက် မြန်မာနိုင်ငံသားများနဲ့ပတ်သက်တဲ့ ဂရုတခုရဲ့ အက်မင်ဖြစ်သူက ရှင်းပြပါတယ်။

ဒီအမှုမဖြစ်ခင်က မလွင်မာမြင့်ဟာ သူ့မိသားစုတွေနဲ့ ဆက်သွယ်ထားမှုတွေထဲမှာ အေဂျင်စီရုံးတခုရဲ့ ပိုင်ရှင်ဖြစ်သူက သူ့ကို အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ အဲ့ဒါကိုဖြေရှင်းပေးဖို့ မယုနန္ဒာကို ပြောခဲ့ပေမယ့် အဲ့ဒီညနေမှာပဲ အဓမ္မပြုကျင့်ခဲ့သူက သူ့ကိုထပ်လာခေါ်တာမျိုးတွေထိ ရှိခဲ့တယ်လို့ ပြောဆိုထားတာတွေ ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ မယုနန္ဒာရဲ့ အေဂျင်စီရုံးဘက်က ဝန်ထမ်းတဦးက “ ဒီကိစ္စကို မဖြေရှင်းပေးဘူးလို့ မပြောဘူး သူ့မှာသက်သေ ဗီဒီယိုရှိတယ်လို့ပြောတယ်။ အဲ့ဒါကိုပြဆိုတော့ မပြဘူးပြောတယ်။ ရဲစခန်းပဲတိုင်မယ်ဆိုလို့ ရဲစခန်းတိုင်ဖို့လုပ်နေတဲ့ မနက်မှာ ခုလိုဖြစ်သွားတာ ” လို့ ဆိုပါတယ်။

အမှုဖြစ်စဉ်ကို သေချာသိရှိနိုင်မယ့် CCTV မှတ်တမ်းရှိနေပြီး အဲ့ဒါကိုလည်း အိုမန်ရဲတပ်ဖွဲ့က ယူဆောင်ထားကြောင်းနဲ့ သေဆုံးသူရဲ့ ဖုန်း၊ ငွေကြေးတချို့နဲ့ ကိုယ်ရေးအချက်အလက်တွေပါတဲ့ ပိုက်ဆံအိတ်ဟာလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ သေဆုံးသူဘက်က တရားဥပဒေအတိုင်းဖြေရှင်းနိုင်ဖို့ ကြိုးစားနေသလို ဖြစ်စဉ်ကို အသေးစိတ် မသိသေးခင်မှာ သေဆုံးသူအပေါ် နစ်နာစေတဲ့ မှတ်ချက်မျိုးတွေနဲ့ ပြစ်တင်ဝေဖန်မှုမျိုးတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

“ ညီမ အရင်တခါက ပြောသလိုပေါ့ မပြောပြချင်တဲ့ အကြောင်းအရာတွေအများကြီးရှိတယ်။ ပြောလိုက်လို့ အလုပ်ပြုတ်ပြီး ပြန်ပို့ခံရရင် နည်းနည်းတော်သေးတယ်။ အခုက ကြားနေရတာတွေက အေဂျင်စီတွေက မုဒိမ်းကျင့်ခံရတာတွေ၊ နှိပ်စက်ခံရတာတွေကို သွားတိုင်ရင် သူတို့ပါ အလိုတူ အလိုပါ ဖြစ်နေကြပဲ။  ကိုယ်ပဲ ထပ်ခံရတယ်ဆိုတော့ ခုလိုမျိုးတွေ ဖြစ်လာတော့တာပေါ့ ” လို့ အိုမန်မှာ အလုပ်လုပ်ကိုင်နေတဲ့ မခင်မိုးသူဇာက ဆိုပါတယ်။

အိုမန်နဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ဆိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ အေဂျင်စီတွေရဲ့ အနိုင်ကျင့်မှုတွေအကြောင်း ပို့စ်တွေအများကြီး ပြန့်နှံ့နေပြီး အခုလိုဖြစ်တဲ့ကိစ္စမှာ သေဆုံးသူကိုထက် ကျူးလွန်လိုက်သူဘက်ကနေ ရပ်တည်ပြောဆိုမှုတွေကို တွေ့မြင်နေရပါတယ်။