“မနေ့ကရော ဒီနေ့ပါ သယ်တာ၊ ၁၄ ပေ Canter(ကားအမျိုးအစား) နှစ်စီး၊ တစီးကို ဘယ်နှစ်အိတ်လောက် ဆန့်မလဲတော့ မသိဘူး” လို့လည်း ငါးသိုင်းချောင်းမြို့ခံက ပြောတယ်။
၁၀၊ ဇူလိုင်
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တချို့ကနေ စစ်ကောင်စီတပ်က သူတို့သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ဘိလပ်မြေအများအပြား ဝယ်ယူပြီး အမြောက်တပ်ရင်း(အမတ) ၃၄၄ ထဲကို သယ်ယူသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
“ပုံမှန်ဆိုရင်တော့ သတ်မှတ်စျေးထက် ပိုပေးပြီးဝယ်ရင်တောင် လိုသလောက် ရောင်းမပေးဘူး၊ အခုက ဆိုင်တွေကို ထွေအုပ်အမိန့်စာနဲ့ ရှိတာအကုန် ပေါက်စျေး(စစ်ကောင်စီသတ်မှတ်စျေး) ပေးဝယ်တာ” လို့ ငါးသိုင်းချောင်းမြို့ခံတဦးက DNA ကို ပြောပါတယ်။
အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ငါးဆိုင်လောက်ကနေ အခုလို ဝယ်ယူသွားတာဖြစ်ပြီး ဘယ်နအိတ်လောက် ပါသွားလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
စစ်ကိုင်းငလျင်အပြီး ဘိလပ်မြေတွေစျေးအဆမတန် တက်လာလို့ စစ်ကောင်စီက ဘိလပ်မြေတအိတ် ၁၇၀၀၀ နှုန်းနဲ့ ရောင်းဖို့ စျေးနှုန်းသတ်မှတ်ပေးထားပြီး သတ်မှတ်စျေးအတိုင်းမရောင်းတဲ့ ဆိုင်ရှင်တွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ ရှိနေပါတယ်။
ဒါ့ပေမယ့် ငါးသိုင်းချောင်းအပါအဝင် နိုင်ငံတဝန်း အမျိုးအစားအပေါ်မူတည်ပြီး ဘိလပ်မြေတအိတ် သုံးသောင်းခွဲကနေ လေးသောင်းဝန်ကျင်အထိ စျေးပေါက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ သူတို့သတ်မှတ်စျေး ၁၇၀၀၀ ဝန်းကျင်နဲ့ပဲ အခုလို ဝယ်ယူသွားတာလို့ သိရပါတယ်။
အဲဒီ ဘိလပ်မြေတွေကို ငါးသိုင်းချောင်းမြို့နဲ့ ဆယ်မိုင်ခန့်အကွာရှိ အမတ ၃၄၄ ထဲကို သယ်ယူသွားတာကြောင့် တပ်ရင်းထဲမှာ စစ်ကောင်စီတပ်က ဘန်ကာ၊ ကတုတ်ကျင်းတွေ ထပ်မံဆောက်လုပ်ပြီး ခံစစ်အတွက် ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့လည်း မြို့ခံတွေက ယူဆကြပါတယ်။
“မနေ့ကရော ဒီနေ့ပါ သယ်တာ၊ ၁၄ ပေ Canter(ကားအမျိုးအစား) နှစ်စီး၊ တစီးကို ဘယ်နှစ်အိတ်လောက် ဆန့်မလဲတော့ မသိဘူး” လို့လည်း ငါးသိုင်းချောင်းမြို့ခံက ပြောတယ်။
ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်မှာရှိတဲ့ အမတ ၃၄၄ တဝိုက်မှာ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာ လချီရှိနေပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ အမတ ၃၄၄ မကျစေရေး လေကြောင်းနဲ့ပါ အပြင်းအထန်ခုခံနေပြီး ကျုံပျော်၊ ငါးသိုင်းချောင်းဘက်ကနေလည်း လူ၊ လက်နက်အင်အား ဖြည့်တင်းတာတွေ မကြာခဏပြုလုပ်နေပါတယ်။