ပုသိမ်မှာ ဆိုင်ကယ်အခိုးခံရတာတွေ ခပ်စိတ်စိတ်ဖြစ်လာ

“သူခိုးကတော့ တော်တော်ပေါလာတာပဲ၊ သူများတွေလည်း ပျောက်နေတာပဲ။ အိမ်မှာဆိုရင် ခြံစည်းရိုးကို သေချာသော့ခတ်ပြီး ဆိုင်ကယ်ကိုလည်း အိမ်ထဲမှာပဲ သေချာထည့်ထားတာ” လို့လည်း အထက်ပါ ပုသိမ်မြို့ခံက ပြောပါတယ်။

၆၊ ဇူလိုင်လ

ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း ဆိုင်ကယ်အခိုးခံရတာတွေ ခပ်စိတ်စိတ် ဖြစ်လာနေပါတယ်။

“ည ၇ နာရီ ၂၀ (မိနစ်) လောက်မှာ လှည့်ကြည့်တာ ဆိုင်ကယ်က ရှိသေးတယ်တဲ့၊ ၂၅ (မိနစ်)လောက်ကျ ပြန်မယ်ဆိုပြီး မိုးကာအင်္ကျီဝတ်တယ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းတယ်၊ ပြီးလည်းပြီးရော ပြန်လှည့်ကြည့်တာနဲ့ မရှိတော့ဘူးတဲ့” လို့ ဆိုင်ကယ်အခိုးခံလိုက်ရသူတဦးရဲ့ မိသားစုဝင် ပုသိမ်မြို့ခံတဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်က ပုသိမ်မြို့ ကန်သုံးဆင့်ဘက်မှာ အခုလို အခိုးခံလိုက်ရတာဖြစ်ပြီး ဆိုင်ကယ်ထဲ လိုင်စင်စာအုပ်၊ ဝှီးတက်တွေအပြင် မှတ်ပုံတင်ထည့်ထားတဲ့ ပိုက်ဆံအိတ်ပါ ပါသွားတယိလို့ သူက ဆိုပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ညကလည်း ကမ်းနားလမ်း၊ ရေပေါ်စျေးရှေ့ရှိ ဖုန်းအရောင်းဆိုင် တခုရှေ့မှာ ရပ်ထားတဲ့ Honda Wave အမျိုးအစား ဆိုင်ကယ်တစီး ခိုးယူခံလိုက်ရပါသေးတယ်။

အဲဒီဆိုင်ကယ်ခိုးယူတဲ့သူကိုတော့ CCTV မှတ်တမ်းတွေအရ သိရှိထားပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့သိရပါတယ်။

“သူခိုးကတော့ တော်တော်ပေါလာတာပဲ၊ သူများတွေလည်း ပျောက်နေတာပဲ။ အိမ်မှာဆိုရင် ခြံစည်းရိုးကို သေချာသော့ခတ်ပြီး ဆိုင်ကယ်ကိုလည်း အိမ်ထဲမှာပဲ သေချာထည့်ထားတာ” လို့လည်း အထက်ပါ ပုသိမ်မြို့ခံက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လအတွင်းကပဲ ပုသိမ်မြို့ပေါ်က စားသောက်ဆိုင်တခုအရှေ့မှာ ရပ်ထားတဲ့ PCX အမျိုးအစား ဆိုင်ကယ်သုံးစီးရဲ့ သော့အိမ်အဖုံးတွေ ဖြုတ်ယူခံလိုက်ရတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ခံ နောက်ထပ်အမျိုးသမီးတဦးကလည်း အခုလို ဆိုင်ကယ်အခိုးခံရတာတွေ အမြဲလိုလိုကြားနေရလို့ သတိထားနေရတဲ့အကြောင်း DNA ကို ပြောပါတယ်။
“(ဆိုင်ကယ်ခိုးတာတွေ) ကြားမိပါတယ်၊ သတိနဲ့ပဲနေရတာပဲ၊ ဘာမှမလုပ်တတ်ဘူးလေ”လို့ဆိုပါတယ်။

အခုလို အခိုးခံရတဲ့ဆိုင်ကယ်အားလုံးနီးပါးကတော့ ပြန်လည်ရရှိတာမျိုးမရှိဘဲ အခိုးခံရတာနဲ့ပတ်သက်ပြီး ရဲစခန်းတွေမှာ အမှုဖွင့်တိုင်ကြားတာတွေလည်း သိပ်မရှိဘူးလို့ သိရပါတယ်။

#ဧရာဝတီတိုင်း #ပုသိမ် #ဆိုင်ကယ်ခိုး
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH