ဒေးဒရဲမြို့နယ်မှာ ၂၀၂၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မဲစာရင်းအမှားမရှိအောင် ဆောင်ရွက်ကြဖို့ ဒေးဒရဲမြို့နယ် ပြည်ထေင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) ဥက္ကဌ ဦးမျိုးဇော်ဦးက ပါတီဝင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောခဲ့ပါတယ်။
၄၊ဇူလိုင်လ။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲစာရင်းမှားလို့ မဲလိမ် မဲခိုးလို့ ခုလိုတွေ ဖြစ်နေတာပေါ့။ လာမယ့် ရွေးကောက်ပွဲကျရင် ဒီလိုတွေ မဖြစ်အောင် ပါတီက ထိန်းကျောင်းရမယ်ပေါ့။ အဲ့လိုတွေတော့ ပြောသွားတာပဲ”လို့ ဒေးဒရဲမြို့ပေါ်မှာနေထိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တဦးက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးတွေမှာ ငွေကြေးနဲ့ ခံစားခွင့်တချို့ ရရှိခဲ့တာကြောင့် ပါတီဝင်ခဲ့ကြတဲ့ ဒေးဒရဲမြို့ပေါ်က ကြံ့ဖွံ့ပါတီဝင်တချို့ဟာ လာမယ့်ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
“ကျွန်တော်ကတော့ ကြောက်တယ်။ ကျွန်တော် တခုခုဖြစ်သွားမှာလည်း ကြောက်သလို ခုသူတို့ပြောနေတာတွေက(မြို့နယ်ပါတီ ဥက္ကဌနဲ့အဖွဲ့) မဟုတ်တာတွေဆိုတာကို သိနေတော့ အဲ့ဒီထဲမှာ ကိုယ်ပါ ကန့်လန့်ကန့်လန့်ပါသွားမှာလည်း ကြောက်တယ်။ အဲ့လိုမို့ မပါနဲ့ဆိုပြန်တော့လည်း ပါတီကနုတ်ထွက်လိုက်လို့ တခုခုဖြစ်မှာလည်း ကြောက်ပြန်တယ် ” လို့ အထက်ပါ ပါတီဝင်က ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီက အခုလိုမျိုး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေရှိနေပေမယ့် ဒေးဒရဲက ပြည်သူတွေကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သေသေချာချာ သိရှိထားတာမျိုးတွေတော့ မရှိသေးပါဘူး။
” ရွေးကောက်ပွဲ လုပ်တော့ရော သူတို့လုပ် သူတို့ပြိုင် သူတို့နိုင်ပဲ ဖြစ်မှာပဲ မဟုတ်လား။ စိတ်ဝင်စားစရာမှ မရှိတာ”လို့ ဒေးဒရဲ မြို့ခံတဦးဖြစ်သူ ဒေါ်ဝါဝါမြင့်က ပြောပါတယ်။
စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေပြီး စစ်သားလူထွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာလည်း သူတို့ခြေကုတ်ယူထားနိုင်ဆဲဖြစ်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဧရာဝတီတိုင်းထဲမှာ စစ်ရေးပြင်းထန်နေတဲ့ ဒေသတချို့ရှိလာနေပြီဖြစ်ပေမယ့် ပြည်ခိုင်ဖြိုးပါတီကတော့ စစ်ရေးလွတ်ကင်းနေသေးတဲ့နေရာတွေမှာ ပါတီစည်းရုံးရေး လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။
အချို့သော မြို့နယ်တွေမှာ လမ်းပြင်၊ ခြုံရှင်းဆိုတဲ့ လုပ်ငန်းတွေလုပ်ဆောင်ပြီး စည်းရုံးရေးကိုစတင်နေကြပေမယ့် ဒေးဒရဲမှာတော့ ပါတီဝင်တွေနဲ့ လိုက်တွေ့တာ အချို့သော ကျေးရွာတွေမှာ အစည်းဝေးလာတက်သူတွေ မရှိတာကြောင့် ပိုက်ဆံပေးပြီး လာတက်ခိုင်းရတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။