ကန်ကြီးထောင့်ရဲတွေ ငွေညှစ်ကြမ်းလို့ သုံးဘီးယာဥ်မောင်းတွေ အခက်တွေ့

ဒဏ်ကြေးလို့ဆိုကာ နှစ်သောင်းခွဲကနေ ငါးသောင်းအကြား ပေးနေရပြီး ပြစ်ချက်ရှိလို့ တရားရုံးမှာ ဒဏ်ကြေးပေးဆောင်ရသလိုမျိုးမဟုတ်ဘဲ ရဲစခန်းမှာပဲ ရဲတပ်ဖွဲ့ဝင်တွေကို ပေးနေရတာဖြစ်ပါတယ်။

၁၃၊ ဇွန်

ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့က ရဲတွေဟာ ခရီးသည်တင် သုံးဘီးယာဥ်(အိုးဝေ)တွေကို နယ်ကျော်မောင်းနှင်တယ်လို့အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်နေလို့ သုံးဘီးယာဥ်မောင်းတွေ အခက်ကြုံနေ ကြပါတယ်။

“AYY ပုသိမ်ခရိုင်ဘီးတွေပဲရတယ်၊ ကျောင်းကုန်းမှာ ကျနော့ သုံးဘီးလိုမျိုး AYY ဟင်္သာတ လိုင်စင်ဘီးတွေ အများကြီးရှိတယ်၊ ကန်ကြီးထောင့်ရဲ ဖမ်းမှာကြောက်လို့မသွားရဲတော့ဘူး” လို့ ကျောင်းကုန်းမြို့ခံ သုံးဘီးယာဥ်မောင်းတဦးက DNA ကို ပြောပါတယ်။

ပုသိမ်ကနေ ကျောင်းကုန်း၊ ရေကြည်ဘက်သွားတဲ့ လမ်းပေါ်ရှိ ကန်ကြီးထောင့်၊ ပုသိမ်နဲ့ ကန်ကြီးထောင့်ကြား ကံကုန်းဘက်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေက မော်တော်ယာဥ်တွေကို စစ်ဆေးမှုတွေ လုပ်တဲ့အခါမှာ သုံးဘီးယာဥ်တချို့ကို ပုသိမ်ခရိုင်ထဲ နယ်ကျော်ဝင်လာလို့ဆိုကာ အခုလို ဖမ်းဆီးငွေညှစ်နေတာဖြစ်ပါတယ်။

ပုံမှန်ဆိုရင်တော့ AYY လိုင်စင်(ဧရာဝတီလိုင်စင်)ရှိတဲ့ သုံးဘီးယာဥ်တွေအနေနဲ့ ဧရာဝတီတိုင်းအတွင်းရှိ ဘယ်ခရိုင်မှာမဆို မောင်းနှင်လို့ပါတယ်။

“ကျနော့ကို တားတယ်၊ မောင်းလိုင်စင်၊ ဝှီးတက်၊ လုပ်ငန်း(လိုင်စင်) ပြဆိုတော့ ကျနော် အကုန်ထုတ်ပြတယ်၊ ဘယ်ကလာလဲ ကျနော့ကို မေးတယ်၊ ကျောင်းကုန်းကလို့ပြောတယ်၊ ကျနော့ မောင်းလိုင်စင်၊ ဝှီးတက်၊ လုပ်ငန်း(လိုင်စင်) အကုန်သိမ်းသွားတယ်” လို့ ကိုယ်တိုင် ငွေညှစ်ခံခဲ့ရတဲ့ အထက်ပါ ကျောင်းကုန်းမြို့ခံ သုံးဘီးယာဥ်မောင်းက ပြောပါတယ်။

အဲဒီနောက်မှာတော့ ရဲစခန်းခေါ်သွားပြီး ပိုက်ဆံတောင်းပြီးတော့ စာရွက်စာတမ်းတွေ ပြန်ပေးလိုက်တယ်လို့လည်း သူကပြောပါတယ်။

ဒဏ်ကြေးလို့ဆိုကာ နှစ်သောင်းခွဲကနေ ငါးသောင်းအကြား ပေးနေရပြီး ပြစ်ချက်ရှိလို့ တရားရုံးမှာ ဒဏ်ကြေးပေးဆောင်ရသလိုမျိုးမဟုတ်ဘဲ ရဲစခန်းမှာပဲ ရဲတပ်ဖွဲ့ဝင်တွေကို ပေးနေရတာဖြစ်ပါတယ်။

“ရဲစခန်းမှာထိုင်နေတဲ့ ရဲတစ်ယောက်ကဖမ်းချင်လို့ဖမ်းတာလို့​ပြောတယ်၊ ကန်ကြီးထောင့်ရဲတွေ ဧရာဝတီတိုင်းမှာ တော်တော်ကိုဆိုးတယ်” လို့လည်း အထက်ပါ သုံးဘီးယာဥ်မောင်းက ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီအပါအဝင် နိုင်ငံတဝန်း လိုင်စင်မဲ့မော်တော်ယာဥ် အသုံးပြုသူတွေကို ဖမ်းဆီအရေးယူနေတဲ့အချိန် ကန်ကြီးထောင့်က ရဲတပ်ဖွဲ့ဝင်တွေကလည်း လိုင်စင်မဲ့ယာဥ် စစ်ဆေးဖမ်းဆီးရင်းနဲ့ အခုလို ငွေညှစ်နေတာပါ။

“ကန်ကြီးထောင့်က ရဲတွေ အဲလိုငွေညှစ်တာက အရင်ကတည်းက နာမည်ကြီးတာ၊ အားလုံးပြည့်စုံနေရင်တောင် တခုမဟုတ် တခုတော့ ရှာကြံပြီး ပြဿနာရှာတာ” လို့လည်း ပုသိမ်မြို့ခံတဦးက မှတ်ချက်ပြုပါတယ်။

ကန်ကြီးထောင့်ရှိ ရဲတပ်ဖွဲ့ဝင်တွေက အခုလို ငွေညှစ်တာတွေရှိနေလို့ ကျောင်းကုန်းကနေ ပုသိမ်ဘက်သွားဖို့ ခရီးသည်ကခေါ်ရင်တောင် သုံးဘီးယာဥ်မောင်းတချို့ မလိုက်ကြတော့ဘူးလို့ သိရပါတယ်။

“ကျောင်းကုန်း_ပုသိမ် အိုးဝေခ ၅ သောင်း(ရတာ)၊ ကန်ကြီးထောင့် ရဲ ဖမ်းတာ ၅ သောင်း၊ ဆီဖိုး ၁ သောင်း ၆ ထောင် အိပ်ထဲကစိုက်ဆိုတော့ AYY လိုင်စင်ဖြစ်ပြီး ဘယ်မှသွားမရ၊ ထမင်းငတ်ဖို့ပဲရှိတော့တယ်” လို့ ကျောင်းကုန်းမြို့ခံ သုံးဘီးယာဥ်မောင်းက ပြောပါတယ်။