ကြာသာပတေးနေ့ကပဲ သမ္မတ ထရမ့်က မကြာခင်မှာ အီရန်ကို အစ္စရေးက တိုက်ခိုက်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
၁၃ ၊ ဇွန်
ဒီကနေ့ ဇွန်လ ၁၃ရက်နေ့ သောကြာနေ့ မနက်အစောပိုင်းမှာ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်လိုက်ပြီး မြို့တော်တီဟီရန်မှာ ပေါက်ကွဲသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အီရန်က ဒရုန်းတွေ မစ်ဇိုင်းတွေနဲ့ တန်ပြန်တိုက်ခိုက်လာနိုင်တာကြောင့် အစ္စရေးအာဏာပိုင်တွေက နိုင်ငံထဲမှာ အရေးပေါ်အခြေအနေကြေညာထားပါတယ်။
အီရန်ကလည်း လက်တုံ့ပြန်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
Rising Lion လို့အမည်ပေးထားတဲ့ အဆိုပါ စစ်ဆင်ရေးဟာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ သိပ္ပံပညာရှင်တွေ ၊ မစ်ဇိုင်းပရိုဂရမ်တွေ ပြုလုပ်နေတဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တာလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက အတည်ပြုခဲ့ပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူနေဧရိယာတွေ ထိခိုက်ခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြကြပါတယ်။
အီရန်နဲ့ အမေရိကန်အကြား နျူကလီးယားဆိုင်ရာသဘောတူညီမှု ဆွေးနွေးပွဲတွေ ပြုလုပ်နေဆဲကာလမှာ အစ္စရေးက အခုလို စတင်တိုက်ခိုက်လာတာပါ။
ကြာသာပတေးနေ့ကပဲ သမ္မတ ထရမ့်က မကြာခင်မှာပဲ အီရန်ကို အစ္စရေးက တိုက်ခိုက်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကတော့ ဒီကိစ္စမှာ အမေရိကန်အနေနဲ့ ပါဝင်ပတ်သတ်မှု မရှိဘူးလို့ ဒီကနေ့မှာပဲ ငြင်းဆိုထားပါတယ်။
အီရန်ဟာ အရည်အသွေးမြင့် ယူရေနီယံကို လက်နက်ထုတ်လုပ်နိုင်ဖို့ တီထွင်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။
ဒါ့ကြောင့် အစ္စရေးက အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အီရန်ဟာ ရက်ပိုင်းအတွင်းနျူကလီးယား ဗုံးတွေတီထွင်နိုင်တဲ့ နျူပစ္စည်းကိရိယာတွေ အလုံအလောက်ရှိနေပြီလို့ အစ္စရေးစစ်ဘက်တာဝန်ရှိသူတဦးက ပြောကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။
အစ္စရေးရဲ့ အခုလို တဖက်သက်တိုက်ခိုက်မှုဟာ ဝန်ကြီးချုပ် နေတန်ညာဟုကို ဇာတ်ကြိုးဆွဲဖို့နဲ့ တဖက်မှာ နျူလက်နက်ရှာနေတာတဲ့ အီရန်ကိုလည်း ညှိနှိုင်းဖို့ ကြိုးစားနေတဲ့
သမ္မတ ထရမ့်ရဲ့ အစီအစဉ်တွေ ပြိုလဲသွားတာကို ညွှန်ပြနေပါတယ်။
Ref – AFP / BBC