ရခိုင်ကို ကုန်စည်ပို့လို့ဆိုကာ ရေကြည်မြို့နယ်ကအရပ်သားတချို့ကိုဖမ်းဆီးထား

Photo – Google Map

ဖေဖော်ဝါရီ၊ ၂၃

အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ဂွမြို့နယ်နဲ့ဆက်စပ်နေတဲ့ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်က အရပ်သား ၁၀ ဦးနဲ့အထက်ကို ရခိုင်ပြည်နယ်ကိုကုန်စည်ကူးသန်းရောင်းဝယ်တယ်လို့ စွတ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) အရာရှိ မျိုးဇင်အောင်ဟာ စစ်တပ် ၊ ရဲ ၊ အုပ်ချုပ်ရေးမှူးတွေကို ဦးဆောင်ပြီးတော့ အရပ်သားတွေကို အခုလိုမျိုး စွတ်စွဲဖမ်းဆီးနေတာလို့ ရေကြည်ဒေသခံတဦးကဆိုပါတယ်။

ငသိုင်းချောင်းလမ်းဆုံမှာ စျေးလာဝယ်တဲ့ အရပ်သား ဆယ်ဦးနဲ့အထက်ကို အခုလဖေဖော်ဝါရီအတွင်း ဖမ်းဆီးခဲ့တာလို့လည်း ဒေသခံက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို ငသိုင်းချောင်း ဂွလမ်းပိုင်းမှာရှိတဲ့ အမြှောက်တပ် ၃၄၄ အနီးနဲ့ ငသိုင်းချောင်းမြို့ဝင် လမ်းဆုံနားမှာဖမ်းဆီးခဲ့တာပါ။ လက်ရှိအချိိန်မှာတော့ ဖမ်းဆီးခံထားရသူတွေဟာ ရေကြည်မြို့မရဲစခန်းအတွင်းမှာ ရှိနေပြီးတွေ့ဆုံခွင့်မရသေးဘူးလို့ သိရပါတယ်။

“စခန်းထဲကို ပစ္စည်းတော့ ပို့ရနေတယ်။ ရခိုင်ကို ကုန်ပို့တယ်ဆိုပြီး သံသယနဲ့ဖမ််းတယ်လို့ပဲ အသိပေးထားတာရှိတယ်။ မြို့ပေါ်မှာလည်း ကုန်စုံဆိုင်တွေနဲ့ ဆီဆိုင်တွေကို စကစဘက်က ရခိုင်ဘက် ပစ္စည်းမရောင်းဖို့ ဖိအားပေးနေတာရှိတယ်” လို့ဒေသခံကပြောပါတယ်။

စစ်ကောင်စီဟာ ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကို လက်လွတ်ဆုံးရှံးပြီးတဲ့နောက်ပိုင်း ငသိုင်းချောင်းရေနံ.သာဂိတ်ကနေရခိုင်ပြည်နယ်ဘက်ကို စက်သုံးဆီနဲ့ စားသောက်ကုန်တွေ မပို့ဖို့အတွက် ပိတ်ပင်ကန့်သက်ခဲ့တာပါ။

ရေနံ.သာဂိတ်ဆိုတာကတော့ ပုသိမ်-မုံရွာလမ်းမကြီးပေါ်တည်ရှိပြီး ဂွ-ငသိုင်းချောင်းလမ်းနဲ့ဆုံတဲ့ အချက်အခြာနေရာတခုဖြစ်ပါတယ်။ စစ်ကောင်စီကရေနံသာဂိတ်ကနေ ရခိုင်ပြည်နယ်နဲ့ကူးသန်းနေတဲ့ ယာဥ်တွေကိုစစ်ဆေးနေတာလည်းဖြစ်ပါတယ်။

ရေကြည်မြို့နယ်အတွင်း စစ်ဘေးရှောင်လာတဲ့ ဂွမြို့နယ်ကဒေသခံတချို့ကိုလည်း အခုလဖေဖော်ဝါရီအတွင်း စစ်ကောင်စီက AAနဲ့ပတ်သတ်တယ်ဆိုကာ ဖမ်းဆီးထားတာတွေလည်းရှိနေတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။

ဒါ့အပြင်ရခိုင်ပြည်နယ်အစပ် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့လပိုင်း တိုက်ပွဲတွေစ ဖြစ်ပွါးချိန်က ငသိုင်းချောင်း ဂွလမ်းပိုင်းမှာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေ မရှိခဲ့ပေမယ်.လက်ရှိအချိန်မှာတော့ ကုန်စည်ကန့်သက်ချက်တချို့ကလွဲရင် ယာဥ်အသွားအလာ ရှိနေတယ်လို့လည်း အထက်ပါ ဒေသခံက ဆိုပါတယ်။

ရေကြည်မြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ ဂွ မြို့နယ်အစပ် ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ် ကောင်စီတပ်ကြား အခုနှစ်ဆန်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငသိုင်းချောင်းက နေ တဆင့် စစ်ကူပို့တာ၊ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို သယ်ယူတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ငသိုင်းချောင်းမြို့နဲ့ ဆယ်မိုင်လောက်ကွာ ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာရှိတဲ့ စစ် ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်း(အမတ) ၃၄၄ အနီးတဝိုက်အထိ AA ထိုးစစ်ရောက်ရှိလာပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ 

အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ ဂွမြို့နဲ့ မိုင်၅၀စွန်းစွန်းသာကွာ ဝေးတဲ့ ငသိုင်းချောင်း ဒေသဟာ ပုသိမ်-မုံရွာလမ်းနဲ့ဆက်စပ်နေသလို ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ရာ အရေးပါတဲ့လမ်း ကြောင်းတခုလည်းဖြစ်ပါတယ်။

ဂွမြို့ကို ၂၀၂၄  နှစ်ကုန်ပိုင်းမှာ AAက အပြီးသတ် သိမ်းပိုက်ခဲ့တဲ့နောက် စစ် ကောင်စီဟာ ရေကြည်မြို့နယ်အပိုင် ထဲမှာရှိတဲ့ အမြှောက်တပ် ၃၄၄ ကို လုံခြုံရေးအဆင့်မြှင်တင်ခဲ့တဲ့အပြင် ရေ ကြည်မြို့နယ်၊ကုန်းပြင်ကျေးရွာအုပ်စု ထဲမှာလည်း ရဟတ်ယာဉ်ကွင်းတခုကိုအရေးပေါ် တည်ဆောက်ခဲ့တယ်လို့ ဒေသခံတွေက DNAကိုပြောထားပါတယ်။