နိုဝင်ဘာ၊ ၂၂။
(Fact Check) DNA+ MPA+The Red Flag
အရက္ခန်တပ်တော် AAက တောင်ကုတ်မှာလူသစ်စုဆောင်းချိန်အတွင်း ထွက်ပြေးတဲ့ LGBTအမျိုးသားတယောက်ကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီသတင်းမှားကို စစ်ကောင်စီရဲ့လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်က ဒီကနေ့ နေ့လည်၂နာရီခွဲဝန်းကျင်ခန့်မှာ “အကြမ်းဖက် AA အဖွဲ့က တောင်ကုတ်မြို့ရှိ LGBT တစ်ယောက်အား အဓမ္မလူသစ်စုပေါ်တာဆွဲရာ ထွက်ပြေးသဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်းသိရ”လို့ (မူရင်းအတိုင်း)
ရေးသားဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုများပြားနေပြီး တခြားလော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေတာမျိုးတွေတွေ့ရပါတယ်။
သတင်းမှားလင့် – https://archive.ph/KL0lX
ဆက်စပ်သတင်းမှားလင့် – https://archive.ph/YJ2TR
ပျံ့နှံ့လာတဲ့သတင်းမှားတွေကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Check နဲ့ MPA Fact Check Team တို့ကနေ စီစစ်ကြည့်ရာမှာ LGBT အမျိုးသားကို AAက ပစ်သတ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာမှာ မှားယွင်းနေကြောင်းတွေ့ရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
☑️ သတင်းစိစစ်ချက်
ရခိုင်ပြည်နယ် တောင်ကုတ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ၁၇ရက် နေ့လည်၁၂နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် LGBT အမျိုးသားတဦးသေဆုံးခဲ့ရတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာနက ရေးသားထားတဲ့ ဒီသတင်းမှာ ဖတ်နိုင်ပါတယ်။
Western News – https://shorturl.at/dPLkb
စစ်ကောင်စီနဲ့ အရက္ခတပ်တော် AAတို့ တိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ၁၇ရက်က စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက်၃၀အရွယ် ကိုအောင်မြင့်အေး(LGBT)တဦး ထိခိုက်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကို ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနကလည်း ရေးသားခဲ့ပါသေးတယ်။
Development Media Group – https://shorturl.at/35PTO
ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၅ရက်ကပြီး တောင်ကုတ်မှာ စစ်ကောင်စီနဲ့ အရက္ခတပ်တော် AAတို့ တိုက်ပွဲပြင်းထန်နေသလို ဒေသခံပြည်သူ ၃သောင်းနီးပါးမြို့တွင်းမှာ ပိတ်မိနေသလို၊ လေကြောင်းနဲ့လက်နက်ကြီးကြောင့်အရပ်သားသေဆုံးမှုတွေရှိနေတယ်လို့ People’s Spring ကလည်းရေးသားထားပါသေးတယ်။
People’s Spring – https://shorturl.at/p9JE1
☑️သုံးသပ်ချက်
ကိုအောင်မြင့်အေး (LGBT)ဟာ စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့သတင်းဌာနတွေက ရေးသားတဲ့သတင်းတွေနဲ့ အရပ်သားပြည်သူတွေကနေတဆင့် အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါကြောင့် စစ်ကောင်စီလော်ဘီချန်နယ်တွေမှာရေးသားထားတဲ့ အရက္ခတပ်တော် AAက လူသစ်စုဆောင်းနေချိန်အတွင်းမှာ ထွက်ပြေးတာကြောင့် အဲ့ဒီ LGBTအမျိုးသားကို ပစ်သတ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာမှာ မှားယွင်းနေပြီး လှည်းဖျားမှားယွင်းတဲ့တင်ဆက်မှုတခုဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com)က ဝင်ရောက်ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork