နိုဝင်ဘာ၊ ၂၁
မန္တလေးတိုင်း မြင်းခြံမြို့တောင်ဘက် ဒေသတွေမှာ နိုဝင်ဘာ ၁၁ရက်ကနေ ၁၈ရက် အထိ တပတ်ဝန်းကျင် ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ခံစစ်စည်းနှစ်ခုကနေ ဆုတ်ခွာခဲ့ရပေမယ့် စစ်ကောင်စီ တပ်တွေပိုအထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ Myingyan Black Tiger(MBT)တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက DNA ကိုပြောပါတယ်။
မြင်းခြံမြို့တောင်ဘက် ငါးမိုင်ဝန်းကျင်အကွာက MBT တပ်ဖွဲ့ စစ်ကြောင်း(၃)လှုပ်ရှားရာနယ်မြေတွေကို စစ် ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် နိုဝင်ဘာ ၁၁ရက်ကနေ ၁၃ရက်အထိ တကြိမ်၊နိုဝင်ဘာ ၁၅ရက်ကနေ ၁၈ရက်အထိတကြိမ် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တာပါ။
ဒီတိုက်ပွဲနှစ်ကြိမ်အတွင်း ခဲယမ်းပြတ်တောက်မှုကြောင့် ပထမအကြိမ်တိုက်ပွဲမှာ ပထမခံစစ်စည်းဖြစ်တဲ့ ကွမ်းစိုက် ကျေးရွာ၊ နောက်တကြိမ် တိုက်ပွဲမှာတော့ ဒုတိယခံစစ်စည်းဖြစ်တဲ့ ခြေဆေးရွာတို့ကနေ ဆုတ်ခွာခဲ့ရပေမယ့် စစ် ကောင်စီဘက်က နှစ်ပွင့်ဗိုလ်အပါအဝင် ၃၆ဦးသေဆုံးကာ၊၄၃ဦးဒဏ်ရာခဲ့တယ်လို့ MBT တပ်ဖွဲ့က ထုတ်ပြန် ထား ပါတယ်။
MBT တပ်ဖွဲ့ မဟာမိတ်တပ်တွေဘက်ကတော့ MBT တပ်ဖွဲ့ဝင်တဦးသာ ထိခိုက်ဒဏ်ရာရတယ်လို့ လည်းဖော်ပြပါ တယ်။
“ကျွန်တော်တို့ဘက်ကခံစစ်ဆိုတော့ မြေပြင်စစ်ကြောင်းမပြောနဲ့ဝေဟင်အတွက်ပါပြင်ဆင် ထားတာ၊သူတို့ဘက် ကတော့မိုက်မိုက်ရိုင်းရိုင်း(မိုက်မိုက်ကန်းကန်း)တက်လာလာတွေရှိတယ်၊တခါတလေ ဆေးကြောင်ပြီးတက်လာ တာလားမသိဘူး၊လက်နက်တက်ကောက်မရလို့သာမရတာ၊(စစ်အုပ်စု)ပွစလောင်းလန်နေတာ၊တိုက်မိုင်းမိတာတွေရော၊ဆွဲမိုင်းမိတာတွေရော”လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဘက်မှာ စစ်ရေးအတွေ့အကြုံမရှိတဲ့ ပျူစောထီးတွေ အများစုပါဝင်လာတာ၊တော်လှန်ရေးတပ် တွေကဘက်က ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်တာတွေကြောင့် စစ်ကောင်စီဘက်က အခုလို အထိနာခဲ့ တာလို့လည်း သူကဆက်ပြောပါတယ်။
“အဓိကဆုတ်ပေးလိုက်ရတယ်ဆိုတာလည်း ခဲယမ်းပြတ်တောက်မှုကလွဲရင် ကျန်တဲ့ကိစ္စကြောင့်မဟုတ်ပါဘူး”လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ထိုးစစ်တွေနဲ့အတူ မန္တလေးတိုင်းထဲက ဒေသတချို့ကိုပါ တော်လှန် ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ရှမ်း-မန်း ထိုးစစ်တွေ ငြိမ်သက်သွားချိန် မန္တလေးတိုင်းမြင်းခြံခရိုင်ထဲမှာ တော်လှန် ရေးအင်အားစုတွေက မြင်းခြံခရိုင်အထူးစစ်ဆင်ရေးခေါင်းစဉ်နဲ့ စစ်ကောင်စီကို ဝိုင်းဝန်းထိုးစစ်ဆင်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးမှုတွေရှိလာတာဖြစ်ပြီး လက်ရှိအခြေအနေအရ မြင်းခြံခရိုင်တခုလုံးကို နယ်မြေရှင်းလင်းရေး လုပ်ဖို့ ရည်ရွယ်တဲ့သဘောလို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက သူ့အမြင်ကိုပြောပါတယ်။
MBT တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြားနိုဝင်ဘာ ၁၅ရက်ကနေ ၁၈ရက်အထိ သုံးရက်ကြာ ဒုတိယအကြိမ် တိုက်ပွဲတွေမှာတော့ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊MI-35 ရဟတ်ယာဉ်နဲ့ သုံးကြိမ်လေကြောင်းက တိုက်ခိုက်ခဲ့သလို မြင်းခြံမြို့တွင်း ခမရ ၁၅ထဲကနေလည်း ဟောင်ဝပ်ဇာလက်နက်ကြီးငါးလုံး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ နှစ်ဖက် တိုက်ပွဲ ယာယီ ငြိမ်သက်နေပေမယ့် စစ်ကောင်စီက စစ်ကြောင်းဆက်ထိုးနေတာကြောင့် စစ်ရေးတင်းမာမှုဆက်ရှိနေတယ်လို့ ဗိုလ်မိုက်ခဲက ရှင်းပြပါတယ်။ ခဲယမ်းပြတ်တောက်မှုကြောင့် ခံစစ်စည်း နှစ်ခုကနေ ဆုတ်ခွာခဲ့ရပေမယ့်တိုက်ပွဲဆက်ဖြစ်လာနိုင်တဲ့အခြေအနေအတွက်ရှိတဲ့အင်အားနဲ့ အကောင်းဆုံးပြင်ဆင်နေတယ်လို့ သူကဆိုပါတယ်။
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်းလည်းဖြစ်တဲ့ MBT တပ် ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြားလတ်တလောတိုက်ပွဲတွေမှာ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ် ပကဖတွေ၊ မြင်းခြံ ခရိုင် PDFတပ်ရင်းတွေ၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊စွန်ရဲပြောက်ကျားတပ်၊SPY ပြောက်ကျားတပ်၊နှလုံးလှလူမိုက်တပ်ဖွဲ့၊ Popa Guerilla Force(PGF)၊ Bright Star Group(BSG)စတဲ့ မဟာမိတ် တပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။
“ဒီအခက်အခဲတွေကို ပြည်သူတွေအနေနဲ့ ဆက်လက်ပြီးတော့ တောင့်ခံပေးဖို့၊လက်မလျှော့ဖို့၊စိတ်ဓာတ်မကျဖို့ ပြည်သူကို အဓိက စကားပါးချင်ပါတယ်”လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။
မြင်းခြံနယ်မှာ အခုလို နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ကာလအတွင်း မြင်းခြံမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ အခြေ ချတပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနားခိုရာ Myingyan Hotel တို့ကို မနေ့ညခုနစ်နာ ရီဝန်း ကျင်က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေဆဲပဲလို့ MBT တပ်ဖွဲ့က အသိပေးထားပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ အများပြည်သူတွေရဲ့ အိုးအိမ်၊စည်းစိမ်တွေကို အကြမ်းဖက် မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို လက်တုံ့ပြန်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြင်းခြံ နယ်အတွင်းလတ်တလောတိုက်ပွဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ကြောင့် ဒေသခံအများအပြား တိမ်းရှောင် နေရသလို ကျေးရွာတွေက နေအိမ်တွေလည်းမီးရှို့ခံနေရပါတယ်။