နိမိတ်ကောင်းအောင်ဆိုပြီး စစ်ကောင်စီကနာမည်ပြောင်းခဲ့ပေမယ့် သိမ်းပိုက်ခံလိုက်ရတဲ့ ကန်ပိုင်တည်

Photo – Social Media

နိုဝင်ဘာ၊ ၂၀

စစ်ကောင်စီလက်အောက်ခံ ကချင်နယ်ခြားစောင့်တပ်စိုးမိုးထိန်းချုပ်ရာ ကချင်အထူးဒေသ(၁)အတွင်း နောက်ဆုံး ကျန်ရှိနေတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုင်တည်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် တွေက ဒီကနေ့ ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက မြို့တွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကန်ပိုင်တည်မြို့ကို အပြီးသတ်သိမ်းပိုက် နိုင်ဖို့အတွက် KIA က စစ်အင်အားထပ်မံဖြည့်တင်းပြီး ဒီကနေ့ မနက်ပိုင်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ နေ့ တွင်းချင်းသိမ်းပိုက်နိုင်ခဲ့တာလို့ ကချင်သတင်းဌာနတွေကလည်းဖော်ပြကြပါတယ်။

ကန်ပိုင်တည်မြို့တွင်းက စစ်ကောင်စီတပ်အခြေစိုက်ရာနေရာတွေနဲ့ ရဲစခန်းတို့ကို KIA ပူးပေါင်းတပ်တွေက ဒီက နေ့ညနေငါးနာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ တရုတ် နိုင်ငံဘက် ထွက်ပြေးတာရှိသလို နယ်မြေရှင်းလင်းတာတွေလည်းဆက်လုပ်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ် တဦးကိုကိုးကားပြီး KNG သတင်းဌာနကဖော်ပြပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာသာမက တနိုင်ငံလုံးအတိုင်းအတာနဲ့ပါ တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ဂိတ်ပေါက် ရှိရာ ကန်ပိုင်တည် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က စစ်ကောင်စီစခန်းတွေကို KIA က အခုနှစ် ဇွန် လအတွင်း ဆက်တိုက်သိမ်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် နှစ်ဝက်လောက်အကြာမှာ ကန်ပိုင်တည်မြို့တခုလုံးကိုပါ ဆက်လက်သိမ်းပိုက်ခဲ့တာပါ။ကန်ပိုင်တည် မြို့ကို ဆက်လက်သိမ်းယူနိုင်ခဲ့တာကြောင့် ချီဖွေ၊ဆော့လော်၊ပန်ဝါနဲ့ ကန်ပိုင်တည်၊ဝိုင်းမော်မြို့နယ် တစိတ်တပိုင်း စတဲ့ဒေသတွေပါဝင်တဲ့ ကချင်အထူးဒေသ(၁)နယ်မြေတခုလုံးကို KIA က အလုံးစုံထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါ တယ်။

စစ်အုပ်စု ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေထဲက ကချင်ပြည်နယ်အထူးဒေသ(၁)နယ်မြေတွေကို ဦးဇခုန်တိန့်ယိန်းဦး ဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K က KIA တိုက်ခိုက်မသိမ်းပိုက်ခင်အထိ ထိန်းချုပ်ခဲ့ပါတယ်။

ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ အခုလို ထိုးစစ်တွေပေါ်ပေါက်မလာခင် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတုန်းကတော့ စစ်ကောင်စီဟာ ကန်ပိုင်တည်မြို့အမည်ကို ကံပိုင်တည်အဖြစ် ပြောင်းလဲသတ်မှတ် တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။

မြို့ရဲ့ မူလအမည် ကန်ပိုက်တီဟာ တရုတ်ဘာသာနဲ့ “ကန်းပိုင်တီ”ဆိုတဲ့ စကားလုံးနဲ့ဆင်တူနေပြီး အဲ့ဒီဝေါဟာရ အရ ခြောက်သွေ့ပျက်စီးတဲ့နေရာလို့ အဓိပ္ပါယ်ရနေတာကြောင့် မြို့အမည်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာလို့ စစ် ကောင်စီ က ဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကပြင်ဆင်သတ်မှတ်အတည်ပြုမယ့် ကံပိုင်တည် ဆိုတဲ့ မြို့အမည်ကတော့ ကံကောင်း ခြင်း၊ပြည်ထောင်စုကပိုင်ဆိုင်ခြင်း၊တည်ငြိမ်ခြင်း၊တည်တံ့ခြင်း စတဲ့ အဓိပ္ပါယ်တွေဆောင်တယ်ဆိုပြီး အမည် ပြောင်းလဲပြင်ဆင်တာလို့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ လလယ်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီလို မြို့အမည်ပြင်ဆင်ပြောင်းလဲဖို့ကို ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဌ ဦးဇခုန်တိန့် ယိန်းက တင်ပြခဲ့တာလို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

မြို့အမည်ပြောင်းလဲ သတ်မှတ်ပြီးနောက် အမည်အသစ်ရဲ့ အဓိပ္ပါယ်တွေကြောင့် ကံပိုင်တည်မြို့ဟာ မကြာမီ ကာလအတွင်း ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ မြို့တမြို့ဖြစ်လာတော့မယ်လို့လည်း စစ်ကောင်စီက ကြွေး ကြော်ခဲ့ပါသေးတယ်။

အဲ့ဒီလိုနိမိတ်ပိုကောင်းအောင်ဆိုပြီး စစ်ကောင်စီကအမည်ပြင်ဆင်ခဲ့တဲ့ တရုတ်-မြန်မာ နယ်စပ်မြို့ဟာ တရုတ် အစိုးရဘက်က ပြင်းပြင်းထန်ထန် ဖိအားပေးမှုတွေကြားကပဲ လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့လက်အောက် ကျရောက်ခဲ့ပြီဖြစ်ပါတယ်။