နိုဝင်ဘာ၊ ၁၀
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ သံတွဲမြို့ကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၃ နာရီကျော်မှာ အမှတ်၈ရပ်ကွက်နဲ့ အံတော်တံတားအနီးကို လေကြောင်းကဗုံးကြဲခဲ့တာလို့ဆိုပါတယ်။ အဲဒီဖြစ်စဥ်မှာ စိတ်ဝေဒနာသည်တဦးအပါအဝင် ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့နံနက် နှစ်နာရီကျော်မှာလည်း AAထိန်းချုပ် ဘူးသီးတောင်မြို့ကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်ခဲ့လို့ သံဃာတော်တပါးနဲ့ ကလေးတဦးအပါအဝင် စစ်ဘေးရှောင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ဘူးသီးတောင်မြို့ မြစိမ်းရောင်ဘုန်းကြီးကျောင်းနဲ့ လမ်းမဘုန်းကြီးကျောင်းကို လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
“ဗုံးကျဲတာက ရက်ဆက်လိုလိုပဲ၊ အရပ်သားတွေပဲထိကြတာ၊ သူတို့(စကစ)ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ပဲမြင်တယ်” သတင်းရင်းမြစ်ကဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက AAထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မူတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
ရခိုင်တကျော့ပြန်စစ် စတင်ခဲ့တဲ့၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာကာလအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ လူ သားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ မေလကနေ သြဂုတ်လအထိ လေးလတာကာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူ အကြိမ်ရှစ်ရာကျော် နိုင်ငံအဝန်းမှာ ပြုလုပ်ခဲ့ပြီး ရခိုင်ဒေသမှာ အများဆုံးဖြစ်တယ်လို့လည်း လွတ်လပ်တဲ့သုတေသနအဖွဲ့တခုဖြစ်တဲ့ ဉာဏ်လင်းသစ်ရဲ့ အောက်တိုဘာ၉ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ လေးလတာအတွင်း တိုင်းနှင့်ပြည်နယ်၁၂ခုမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၂၀ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ၁၇၆ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ရခိုင်ဒေသမှာအရပ်သား ၁၀၁ ဦးသေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။