မြိတ်နဲ့ပုလောကြား တပတ်ကြာတဲ့အထိတိုက်ပွဲ ဆက်လက်ပြင်းထန်၊ ပိတ်မိ ခရီးသည်တချို့ ရေလမ်းကခရီးဆက်

ပုံစာ – တိုက်ပွဲဖြစ်လို့ ထွက်ပြေးနေရတဲ့ ပုလောမြို့နယ်ထဲက ဒေသခံတချို့(ပုံဟောင်း)
Photo- Social Media

အောက်တိုဘာ၊ ၂၀ 

တနင်္သာရီတိုင်း၊ မြိတ်မြို့နဲ့ ပုလောမြို့ကြား အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တပတ်အကြာ ဒီကနေ့ အောက်တိုဘာ ၂၀ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ ခရီးသွားတချို့ဆီကနေ သိရပါတယ်။ 

“နှစ်ဖက်စလုံး တပ်ဆိုင်ထားတုန်းပဲ၊ သူတို့ဘက်က အင်အား နှစ်ရာ၊ သုံးရာလောက်နဲ့ သေချာပြင်ဆင်ပြီး စစ်ကြောင်းထိုးလာတာ၊ လေကြောင်းရော လက်နက်ကြီးရောနဲ့ ပစ်ကူပေးပြီးထိုးလာတာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။ 

PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ပုလောမြို့အောက်ဘက် မိုင်နှစ်ဆယ်ခန့်အကွာ ကြဲကျေးရွာတဝိုက်မှာ တိုက်ပွဲတွေ အဓိက ပြင်းထန်နေတာပါ။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့တုန်းကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ သုံးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲလို့ ကြဲကျေးရွာထဲရှိ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့သေးတယ်လို့ သိရပါတယ်။ 

“နယ်မြေရှင်းလင်းချင်လို့ဖြစ်မယ်၊ အမှတ် (၈)လမ်းမပေါ်က တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို သူတို့ပြန်ယူဖို့ အခုလို စစ်ကြောင်းထိုးလာတာလို့တော့ ယူဆတယ်” လို့လည်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။ 

အခု စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ မြိတ်မြို့အခြေစိုက် တပ်ရင်းတချို့ကဖြစ်ပြီး ဘုတ်ရွာရှိ ခြေလျင်တပ်ရင်း(ခလရ) ၁၇ ဘက်မှာ အင်အားစုစည်းပြီးနောက် စစ်ကြောင်းထိုးလာတာလို့လည်း သူက ပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က ဆယ်ချီသေဆုံးနိုင်ပြီး မြေမြှုပ်ထားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးရဲ့ ရုပ်အလောင်းတလောင်းကိုလည်း တူးဖော်တွေ့ရှိထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်း၊ အသစ်စက်စက် လက်မောင်းတံဆိပ်နဲ့ မှတ်ပုံတင်တွေအရ လက်ရှိစစ်ကြောင်းမှာ စစ်မှုထမ်းဥပဒေအရ စုဆောင်းခံထားရတဲ့ သင်တန်းဆင်းခါစ တပ်ဖွဲ့ဝင်တချို့ကိုပါ အသုံးပြုနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ယူဆထားပါတယ်။ 

“အသက်နှစ်ဆယ်စောစောလေးတွေချည်းပဲ၊ ဧရာဝတီနဲ့ ရှမ်းတောင်ဘက်ကတွေ များတယ်” လို့လည်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

အခုလို တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေအနေနဲ့ မြိတ်-ပုလော-ထားဝယ် လမ်းပိုင်းကို အသုံးပြု ခရီးသွားလာတာ မလုပ်ကြဖို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းဘက်က အောက်တိုဘာ ၁၆ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။ 

နှစ်ဖက်တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ခရီးသည်တချို့ကတော့ ပလောက်မြို့ကနေတဆင့် မြိတ်ကို ရေလမ်းကနေ ခရီးဆက်နေကြတယ်လို့လည်း သိရပါတယ်။ 

“ရေလမ်းကနေ လာနေကြတာများတယ်၊ ကျွန်တော်တို့တောင် ကားနှစ်စီးစာလောက်ရှိတယ်၊ ရေလမ်းကတော့ အေးဆေးပဲ၊ နှစ်နာရီလောက်ပဲကြာတယ်” လို့ လမ်းမှာ လေးရက်ပိတ်မိပြီးနောက် ရေလမ်းကနေထွက်လာတဲ့ ခရီးသည်တဦးက ပြောပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်နေတဲ့ဘက်ကို အင်အားထပ်ဖြည့်ဖို့ ကြိုးပမ်းနေတာတွေလည်း ရှိနေလို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ခန့်မှန်းထားကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုအခြေအနေနဲ့ ပတ်သက်လို့ကတော့ တိုက်ပွဲပြီးဆုံးချိန်မှသာ အသေးစိတ်ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် အနီးအနား ကျေးရွာခြောက်ရွာလောက်က ဒေသခံ သုံးထောင်ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေကြတယ်လို့လည်းသိရပါတယ်။