
အောက်တိုဘာ၊ ၂၀
ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ သက်ကြီးပိုင်း နိုင်ငံရေးအကျဥ်းသားတဦး ဆေးကုသမှုခံယူနေရင်းနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN)ကသိရပါတယ်။
“ဆေးရုံမှာ ရက်နှစ်ဆယ်လောက်ကြာတယ်၊ ဆေးရုံမှာပဲဆုံးသွားတာ၊ အလောင်းကိစ္စကိုတော့ သေချာမသိလိုက်ဘူး” လို့ DPPN တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
သေဆုံးသူဟာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာက အသက် ၆၂ နှစ်အရွယ် ဦးရဲအောင်(ခ) ကိုချင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)တို့နဲ့ ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခံထားရတဲ့သူလို့သိရပါတယ်။
ဦးရဲအောင်ဟာ အကျဥ်းကျခံနေရစဥ် လေဖြတ်သွားတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်မှာ ထားဝယ်ထောင်ကနေ ထားဝယ်ဆေးရုံကြီးကို ပြောင်းရွှေ့ဆေးကုသမှုခံယူနေတာဖြစ်ပြီး ဆေးကုသနေစဥ်မှာပဲ သေဆုံးသွားခဲ့တာပါ။
ဦးရဲအောင်ကို စစ်ကောင်စီတပ်က ဘယ်ချိန်ကတည်းက ဖမ်းဆီးထောင်ချခဲ့တာလဲဆိုတာကိုတော့ DNA အနေနဲ့ အတိအကျ မသိရပါဘူး။
ထားဝယ်ထောင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထဲကလည်း အသက် ၄၄ နှစ်အရွယ် နိုင်ငံရေးအကျဥ်းသားတဦး ရုတ်တရက်အမောဖောက်လာလို့ ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်စဥ် လမ်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် အခုနှစ် ဧပြီလအတွင်းကလည်း အသက် ၃၀ ဝန်းကျင်ရှိကြတဲ့ ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားနှစ်ဦးကို စစ်ကောင်စီတပ်က ထောင်ပြင်ခေါ်ထုတ်ပြီး ပစ်သတ်လိုက်တာကြောင့် သေဆုံးသွားခဲ့ပါသေးတယ်။
ထားဝယ်အကျဥ်းထောင်အပါအဝင် နိုင်ငံတဝှမ်းက အကျဥ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ အချိန်မှီမရရှိတာကြောင့် နိုင်ငံရေးအကျဥ်းသားသေဆုံးမှုတွေ မကြာခဏရှိနေပါတယ်။
အဲဒါကြောင့် နိုင်ငံရေးအကျဥ်းသားတွေကို ကူညီစောင့်ရှောက်ပေးနေသူတွေကလည်း အကျဥ်းထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ ဖြည့်ဆည်းပေးဖို့ တောင်းဆိုမှုတွေ မကြာခဏ ပြုလုပ်နေကြပါတယ်။