စက်တင်ဘာ ၊ ၆
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်ကနေ အခုလ ၁ ရက်နေ့လောက်မှာ အကျဥ်းဦးစီးဌာန ဝန်ထမ်းနှစ်ဦး ထွက်ပြေးသွားတယ်လို့ ထားဝယ်ထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
“နှစ်ယောက်စလုံးလွတ်သွားတယ်၊ သူတို့(စစ်ကောင်စီ) လိုက်ရှာတာမျိုးလည်းမရှိဘူး၊ အရင်ကလည်း ထွက်ပြေး ဖူးတာရှိလို့ဖြစ်မယ်” လို့ ထားဝယ် နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက DNA ကို ပြောပါတယ်။
အကျဥ်းဦးစီးဝန်ထမ်းတွေဖြစ်တဲ့ တပ်သားအဆင့်ရှိ ကိုဖြိုးထက်အောင်နဲ့ ကိုနေလင်းစိုးတို့ ထွက်ပြေးလွတ် မြောက်သွားကြတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေတွေဆီ ခိုလှုံသွားတာဖြစ်နိုင်ပေမယ့် အဲဒီအ ခြေအနေကိုတော့ အတိအကျ မသိရပါဘူး။
“လကုန်ရက် တာဝန်ချိန်ပြီးမှ ထွက်ပြေးသွားကြတာ၊ လစာပါထုတ်သွားသေးတယ်ကြားတယ်”လို့လည်း အထက် ပါ နိုင်ငံရေးအကျဥ်းသားဟောင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကလည်း ထားဝယ်ထောင်မှာ ဆေးမှူးတာဝန်ထမ်းဆောင်နေရတဲ့ ကျန်းမာရေးမှူး တဦး ထောင်ကနေ ထွက်ပြေးခဲ့ပါသေးတယ်။
အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာလည်း ထားဝယ်အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ ဝန်ထမ်း အရာရှိတဦးအပါအဝင် ခြောက်ဦးအထိ ရှိတယ်လို့ DNA ကစုံစမ်းရှိသိရပါတယ်။
“စစ်တပ်တွေလာတော့ သူတို့လည်း စိတ်တော်တော်ညစ်ရတယ်ထင်တယ်၊ သူတို့ပါ စစ်လားဆေးလားလုပ် ခံရတာ၊ အခွင့်ရေးရရင်တော့ ထွက်ပြေးချင်တဲ့သူတွေချည်းဖြစ်မယ်နဲ့တူတယ်” လို့ ထားဝယ်ထောင်နဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက ထားဝယ်ထောင်ကို လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးရာက အကျဥ်းသားတွေအပြင် ထောင်အရာရှိနဲ့ ဝန်ထမ်းတွေပါ ဖမ်း ဆီးစစ်ဆေးခံခဲ့ရပါတယ်။
အဲဒီနောက် သြဂုတ်လ ၁၄ ရက်နေ့မှာတော့ ထောင်ဝန်းအတွင်းရှိ ဒုထောင်ပိုင်အိမ်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိ တယ်လို့ဆိုကာ ဒုထောင်ပိုင်ကို ဖမ်းဆီးခဲ့တဲ့အပြင် ထောင်ပိုင်နဲ့ ထောင်ဆေးမှူးကြီး အပါအဝင် ထောင်ဝန်ထမ်း ဆယ်ဦးလောက်ကိုလည်း ဖမ်းဆီးထောင်ချခဲ့တယ်လို့သိရပါတယ်။