သုံးရက်ဆက်ဗုံးကြဲခံရတဲ့ သီပေါမှာ လေးဦးသေပြီး တဒါဇင်နီးပါးဒဏ်ရာရ၊ တအာင်းဒေသမှာတလအတွင်း ဒေသခံနှစ်ဒါဇင်ကျော်သေဆုံး

Photo – TNLA

အောက်တိုဘာ၊ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင်း လူနေရပ်ကွက်တွေထဲကို စစ်ကောင်စီက စက်တင်ဘာ ၂၈ရက်ကနေ ၃၀ ရက်အထိ သုံးရက်ဆက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံလေးဦးသေဆုံးကာ ၁၁ဦးဒဏ်ရာ ရသွားတယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။

စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူလေးဦးထဲ အသက်ခုနစ်နှစ်အရွယ် ကဘေးတဦးအပါအဝင် သုံးဦးကတော့ တအိမ်တည်းနေ မိသားစုဝင်တွေဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီမိသားစုဝင်သုံးဦးဟာ ခါလိန်ကျေးရွာ ဒေသခံတွေဖြစ်ပြီး စက်တင်ဘာ ၂၉ရက်နေ့လယ်ပိုင်းဗုံးကြဲတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့ကြတာပါ။

နောက်ထပ်သေဆုံးသူအမျိုးသားတဦးဟာလည်း အဲ့ဒီနေ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ပဲ သေဆုံးခဲ့ရတာဖြစ်တယ် လို့ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတိုက်ပွဲတွေမှာ ထပ်ပြီး အထိနာခဲ့တဲ့စစ်ကောင်စီဟာ အခုလအတွင်း ရှမ်းမြောက် ဒေသတွေအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ ဒေသအနှံ့ကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။

သီပေါမြို့မှာတော့ စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူတွေသေဆုံးထိခိုက်တာအပြင် နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းထိခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့ TNLA ကဖော်ပြပါတယ်။ ဗုံးကြဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရ သူတွေထဲ သီပေါဒေသခံ ပရဟိတအဖွဲ့ဝင်တဦးလည်း ပါဝင်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာမနေ့ညကလည်း သီပေါမြို့တွင်း အရပ်သားတွေရှိရာနေရာတွေကို ဂျက်လေယာဉ်နဲ့ Y-12 လေယာဉ် တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တအောင်းတပ် TNLA ရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တအာင်းဒေသမြို့နယ်တွေမှာ ဒေသခံ ၂၆ဦးသေဆုံးခဲ့ရပြီး ၄၁ဦးဒဏ်ရာရကာ နေအိမ် ငါးဆယ်နီးပါးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။