မြေးမလေးအတွက်တရားမျှတမှုရှာဖွေနေသူ

စက်တင်ဘာ ၊ ၂၈

အိမ်ပြန်ရောက်လာတဲ့ မြေးမလေးရဲ့အဖြစ်ကိုကြည့်ပြီး ဦးအေးမောင်(အမည်လွှဲ)တယောက် အချိန်နဲ့အမျှဝမ်း နည်း ပက်လက်ဖြစ်နေရသလို မကျေမချမ်းနိုင်အောင်လည်းဖြစ်နေပါတော့တယ်။

ရုပ်ရှင်သရုပ်ဆောင် ပွင့်နဲ့ တူတယ်လို့ ချစ်စနိုးသတ်မှတ်ပြီး နာမည်မှာ အဲ့ဒီသရုပ်ဆောင်မင်းသမီးနာမည် ထည့်မှည့်ပေးထားခဲ့တဲ့  ဝဝကစ်ကစ် ချစ်စရာ မြေးမလေးဟာ အိမ်ပြန်ရောက်လာချိန်မှာတော့ အရိုးပေါ်အရည်တင် ကိုယ်ခန္ဓာမျိုးနဲ့ပါ။

ဒါ့အပြင် အသက်လေးနှစ်အရွယ် မြေးမဖြစ်သူရဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်တွေလည်း အများအပြားရှိနေပါ သေးတယ်။

တစုံတရာသော ပယောဂကြောင့် နှာခေါင်းရိုးကျိုးနေတာက မျက်နှာပေါ်မှာ အတိုင်းသား။ဘယ်ညာနှစ်ချောင်းစီပဲ ကျန်တော့တဲ့ အပေါ်သွားတွေ၊သုံးချောင်းကျိုးထားလို့ မပြည့်စုံတော့တဲ့ အောက်သွားတွေကို မြေးမလေးနှုတ်ခမ်း အစုံဖွင့်ဟလိုက်တိုင်းတွေ့နေရပါတယ်။

“ကလေးက ရုပ်ပျက်ဆင်းပျက်ကြီးနဲ့ အသက်ရှုမဝဘူး”လို့ မြေးမဖြစ်သူ သူတို့အိမ်ဆီပြန်ရောက်လာချိန်က အနေအထားကို ဦးအေးမောင်က DNAကိုပြောပြပါတယ်။

ဓားခုတ်ခံရတယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေကိုလည်း မေးရိုးနဲ့ ခြေထောက်တွေမှာ တွေ့ရပါသေးတယ်။အဲ့ဒီဒဏ် ရာတွေဟာ မွေးစား အဖေ၊အမေတွေက နှိပ်စက်လို့ရခဲ့တဲ့ဒဏ်ရာတွေဖြစ်ကြောင်း မြေးမကလေးက ပြောပြ တယ် လို့ ဦးအေးမောင်ကဆိုပါတယ်။

“ခြေမျက်စိကလည်း သူ့(မွေးစား)အမေခုတ်တယ်၊နောက်ပြီးတော့ ကလေးကိုသူ့အမေက နောက်ပြန်ချုပ်နှောင် ပြီးတော့ သူ့အဖေ မွေးစားအဖေကနေ ရေနွေးဓာတ်ဗူးထဲကနေ ရေနွေးနဲ့ ပါးစပ်ထဲကို လောင်းချတယ်၊ ကလေး က ပြောတယ်ခင်ဗျ။တော်တော်ကြေကွဲစရာပါ”လို့ သူကပြောပါတယ်။

အဆိုးဆုံးအခြေအနေကတော့ အဲ့ဒီလေးနှစ်အရွယ် မိန်းကလေးငယ်က သူ့ရဲ့မိန်းမကိုယ်နေရာမှာအောင့်နေတဲ့ အကြောင်း အဘိုး၊အဘွားတွေကို ပြောပြတာကြောင့် ကြည့်ကြတဲ့အခါ ယောင်ကိုင်းနေတာကိုတွေ့ကြရတာပါ။

သူတို့ရဲ့မြေးမလေးဟာ သက်ငယ်မုဒိမ်းမှုပါကျူးလွန်ခံထားရတယ်လို့ ဦးအေးမောင်တို့ကယူဆကြပါတယ်။ ကလေးကလည်း မွေးစားအဖေက နှစ်ကြိမ်ကျူးလွန်ခဲ့ကြောင်းပြောပြထားတယ်လို့ သိရပါတယ်။

သူတို့ မြေးအဖိုးတွေဟာ ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ် အနောက်ခြမ်း ရိုးမတောင်ပေါ် ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေပါ။

သူတို့မြေးအဖိုးရဲ့ ဇာတ်လမ်းကတော့ မြေးမလေးရဲ့အမေ၊ ဦးအေးမောင်ရဲ့သမီးဖြစ်သူ နေအိမ်ကနေထွက်သွား တာကနေ စတယ်လို့ ဆိုရပါမယ်။

ဦးအေးမောင်ရဲ့သမီးဖြစ်သူက အိမ်ထောင်ကျပြီးနောက်ခင်ပွန်းနဲ့အတူပေါင်းသင်းနေထိုင်ရင်း အိမ်က နေထွက် သွားတာ နှစ်နှစ်ကျော်လောက်ရှိပါပြီ။

“ကျွန်တော့်သားမက်က သမီးကို နှိပ်စက်လို့”လို့ ဦးအေးမောင်ကဆိုပါတယ်။

သမီးဖြစ်သူ ဘယ်ဆီ၊ဘယ်ဝယ်ရောက်နေတယ်ဆိုတာကို ဦးအေးမောင်လည်းမသိ၊သူ့ အမေလည်းမသိ ၊ မိသားစုဝင်တွေတယောက်မှမသိကြ။မြေးမလေးကိုသာခေါ်ယူထိန်းသိမ်းစောင့်ရှောက်ထားခဲ့တာလို့ဆိုပါတယ်။

အဲ့ဒီနောက် မြေးကလေးရဲ့အဖေဖြစ်သူက စောင့်ရှောက်မယ်ဆိုပြီး ပြန်လာခေါ်ရာကနေ ကောင်းကောင်းမွန် ကျွေးမွေးစောင့်ရှောက်နိုင်မယ့်သူတွေဆီ မွေးစားဖို့ပေးလိုက်မယ်ဆိုတာကြောင့် ဦးအေးမောင်ရဲ့ဇနီး ၊မြေးမလေးရဲ့ အဘွားဖြစ်သူပါ အုပ်ထိန်းသူအနေနဲ့ လက်မှတ်ထိုးပေးလိုက်ရပါတယ်။

မွေးစားသူတွေကဒေသခံ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်း အဆင်ပြေချောင်လည်ကြသူတွေလည်း ဖြစ်တာကြောင့် ဦးအေးမောင်တို့လည်း သဘောတူလိုက်ကြတယ်လို့ဆိုပါတယ်။

“တောင်ပေါ်မှာနေ့စားလုပ်ရတော့ တနေ့ကို ခုနစ်ထောင်ရတယ်ခင်ဗျ။ကျွန်တော့်မှာ မိသားစုခြောက်ယောက်ရှိ တယ်လေ၊နို့စို့အရွယ်လေးတယောက်အငယ်ဆုံးလေးရှိတယ်။အဲ့တော့ကျွန်တော့်မှာ စားဝတ်နေရေးတော်တော် လေးလုံးပန်းရတာ”လို့ အသက်ခြောက်ဆယ်ဝန်းကျင်အရွယ် ဦးအေးမောင်က သူတို့အခြေအနေကို ရှင်းပြပါတယ်။

အဲ့ဒီအချိန်ကစလို့ မြေးမဖြစ်သူဟာ ဦးအေးမောင်တို့ ဇနီးမောင်နှံနေထိုင်ရာ ရွာနဲ့တမိုင်လောက်ပဲဝေးတဲ့နေရာမှာ မွေးစားမိဘတွေနဲ့အတူ နေထိုင်ခဲ့တာပါ။

ဒါပေမယ့် အဘိုး၊အဘွား ဖြစ်သူတွေအနေနဲ့ ကလေးကိုသွားမတွေ့ကြဖို့ဆိုတဲ့အချက်ကိုလည်း စည်းကမ်း သတ်မှတ်ချက်တခုအဖြစ် နှစ်ဖက်သဘောတူချမှတ်ထားခဲ့ကြတာကြောင့် မြေးမလေးကိုတော့ သူတို့မတွေ့ရတော့ပါဘူး။

“ကလေးစိတ်လည်ပြီးတော့ ပြန်လိုက်မှာစိုးလို့ဆိုပြီး လာမတွေ့ရဘူးဆိုတဲ့ စည်းမျဉ်းချက်လေး ကျွန်တော်တို့ ချမှတ်လိုက်တယ်”လို့ ဦးအေးမောင်က ပြောပြပါတယ်။

အဲ့ဒီနောက် တနှစ်ကျော်လောက်အကြာမှာတော့ အထက်ဖော်ပြပါ အခြေအနေတွေနဲ့ အိမ်ပြန်ရောက်လာတဲ့ မြေးမဖြစ်သူကို ဦးအေးမောင်တို့ ပြန်တွေ့ခဲ့ကြရတာပါ။

“ကလေးဆေးရုံတက်ရတယ်ဆိုတဲ့ သတင်းကိုကြားလိုက်တယ်။အဲတော့ ကလေးကဆေးရုံကပြန်ဆင်းပြီဆိုတဲ့ သတင်းကိုနောက်ထပ်ရှစ်ရက်မြောက်နေ့မှာကျွန်တော်တို့ပြန်ကြားတယ်။ ပြန်ကြားတော့ကျွန်တော့်မိန်းမရဲ့ အစ်မအကြီးဆုံးဆီရောက်နေတယ်ကလေးက ၊ကျွန်တော်လည်း မိန်းမ၊မြေးလေးကို အသက်ပါရင် ရပြီ ခေါ်ခဲ့ဆိုပြီး ခေါ် လာခဲ့တယ်။ခေါ်လာခဲ့ပြီးတော့ကျွန်တော်တို့ဆီမှာ ၉ရက်၊၉ရက်ကျွန်တော်တို့ ပြုစုတယ်”လို့ သူက ဆက် ပြောပြ ပါတယ်။

အဲ့ဒီနောက် ဦးအေးမောင်တို့ မြေးအဖိုးနှစ်ဦးတရားမျှတမှုရှာဖွေရာ လမ်းကိုစတင်ခဲ့ကြပါတယ်။

မျက်မြင်တွေ့ရတဲ့ မြေးမဖြစ်သူရဲ့ အခြေအနေတွေကြောင့် မကျေနပ်နိုင်တော့တဲ့ ဦးအေးမောင်တယောက် ဒေသတွင်းက အုပ်ချုပ်ရေးတာဝန်ရှိတွေနဲ့ ဖြေရှင်းနိုင်ဖို့ကြိုးစားခဲ့ပေမယ့် မပြေလည်ခဲ့ကြသလို အဲ့ဒီတာဝန်ရှိသူတွေကလည်း ကျူးလွန်သူတွေကို ကာကွယ်ပေးနိုင်ဖို့ကြိုးစားနေသူတွေလို့သာ သူကရှုမြင်နေပါတယ်။

“တိုက်နယ်ဥက္ကဌကိုယ်တိုင်ဒီကိစ္စကို လိုက်ရှင်းပေးတယ်။ဒီအမှုကို မကြီးကျယ်အောင်ပပျောက်သွားအောင်လိုက် ရှင်းပေးတာခင်ဗျ”လို့ သူက DNAနဲ့သီးသန့်ဆက်သွယ်မေးမြန်းချိန်မှာပြောပါတယ်။

ဒေသခံတာဝန်ရှိသူတွေရဲ့ ဖြေရှင်းပေးနေမှုကို ကျေနပ်မှုမရှိတဲ့ ဦးအေးမောင်တယောက် မြေးမလက်ကိုဆွဲပြီး သူတို့နေထိုင်ရာဒေသနဲ့ ၁၅မိုင်လောက်အကွာက တောင်ငူမြို့ပေါ်ကို ရောက်ခဲ့ကြပါတော့တယ်။

“ကလေး နစ်နာကြေးက လေးသိန်းပေးမယ်ဆိုပြီး ကျွန်တော်တို့ကို လက်မှတ်ထိုးကြတယ်ဗျာ။ ကျွန်တော်က မကျေနပ်နိုင်လို့ သူတို့ငွေကို လက်မခံပဲ (တောင်)အောက်ကိုဆင်းပြီးအမှုဖွင့်ရခြင်းဖြစ်ပါတယ်”လို့လည်း ဦးအေး မောင်က ဆိုပါတယ်။

အုတ်တွင်းမြို့နယ် ရိုးမတောင်ပေါ်ဒေသကျေးရွာတွေမှာ ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတဦးရဲ့လမ်းညွှန်ချက်အရ ဦးအေးမောင်က အကူအညီရနိုင်မယ်လို့ထင်ရတဲ့ တောင်ငူမြို့က ခရစ်ယာန်ဘုန်း တော်ကြီးတပါးဆီလာခဲ့တာပါ။

မှောင်စပြုချိန် ညခြောက်နာရီလောက်မှာ ပဲခူးရိုးမပေါ်ကဆင်းလာတဲ့ မြေးအဖိုးနှစ်ဦး တောင်ငူမြို့ကို ရောက်ချိန်မှာ ည ၁၁ နာရီလောက်ရှိနေပါပြီ။အကူအညီတောင်းဖို့ ရည်ရွယ်လာခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့နေအိမ်ကို ရှာမတွေ့ပေမယ့် ဒေသခံဆိုင်ကယ်ကယ်ရီသမားရဲ့အကူအညီနဲ့ ပရဟိတအသင်းတာဝန်ရှိသူတဦးဆီ ရောက်ခဲ့ ရတာပါ။

ဒါဟာ သူတို့မြေးအဖိုးနှစ်ဦးကို လူအများ သတိပြုမိသွားစေဖို့ အစပြုရာလည်းဖြစ်ပါတယ်။

“ကလေးတယောက် ဒုက္ခရောက်ပြီး ကျွန်တော့်ဆီရောက်လာတယ်၊မျက်နှာအပါအဝင် ခန္ဓာကိုယ်တခုလုံး ဒဏ်ရာ၊ ဒဏ်ချက်အပြည့်၊အဖိုးဖြစ်သူနဲ့အတူပါ”ဆိုပြီး အစပြုတဲ့ လူမှုကွန်ရက်မှာရေးသားဖော်ပြချက်ကနေ သူတို့ မြေးအဖိုးနှစ်ဦးကို တနိုင်ငံလုံးက သတိပြုဝန်းရံလာကြပါတော့တယ်။

“သူတို့ဒုက္ခရောက်နေလို့ တညလောက်တည်းပါရစေဆိုတော့ ကျွန်တော်တို့ လက်ခံပေးလိုက်တာပေါ့။လက်ခံပေးတော့ ကလေးရဲ့ပုံစံအနေအထားရရှိတဲ့ ဒဏ်ရာတွေဘာတွေ မေးတော့ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တယ်ပေါ့လေ၊ အားလုံးသိလိုက်တဲ့အချိန်မှာ အမှုဖွင့်ဖို့အရေးယူဖို့ အားလုံးချိတ်ဆက်လိုက်တာ”လို့လူသိများတဲ့ တောင်ငူ ဒေသခံ ပရဟိတသမား ကိုကျော်သူရကပြောပါတယ်။

ကိုကျော်သူရဟာ တောင်ငူမြို့အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ရဲ့အကူအညီနဲ့ ရဲစခန်းမှာ အမှုဖွင့်ဖို့ကြိုးစားတဲ့အချိန်အထိ အခက်အခဲတွေကြုံခဲ့ရသေးတယ်လို့ ဦးအေးမောင်ကရော ကိုကျော်သူရကရော ပြောပြပါတယ်။

“ရဲစခန်းသွားတော့လည်း ဒီအမှုထဲမှာ တိုက်နယ် ဥက္ကဌ ပါဝင်နေတဲ့အတွက်ကြောင့်မလို့ သူတို့က ကာဗာပေးတယ် ခင်ဗျ။ညှိနှိုင်းဖို့ပဲ သူတို့ပြောတယ်။ ဒါပေမယ့်ကျွန်တော်က ဇွတ်အတင်းတိုးတယ်”လို့ ဦးအေးမောင်က ဆိုပါတယ်။

အုတ်တွင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားဖို့ ကနဦးကြိုးစားချိန်မှာ ကလေးကို ကျူးလွန်ကြောင်းစွပ်စွဲခံရသူ တွေဘက်က အဖွဲ့တဖွဲ့ရောက်လာပြီးညှိနှိုင်းဖို့ကြိုးစားခဲ့သလို ရဲစခန်းမှာ အမှုဖွင့်နိုင်ဖို့လည်း နှောင့်နှေးမှုတွေကြုံခဲ့ ရသေးတယ်လို့ ကိုကျော်သူရကလည်းပြောပါတယ်။

ဒါပေမယ့် လူမှုကွန်ရက်ကတဆင့် တနိုင်ငံလုံးသိရှိဝန်းရံလာကြသလို သက်ဆိုင်တဲ့ တာဝန်ရှိအာဏာ ပိုင်တွေ လည်း သိသွားကြတာကြောင့် အမှုဖွင့်နိုင်ဖို့ကြိုးစားမှုအောင်မြင်ခဲ့ပြီး လက်ရှိမှာ ကလေးအပေါ် ကျူးလွန်ခဲ့ကြတဲ့ မွေးစား မိဘတွေကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီလို့ သိရပါတယ်။

“ဝိုင်းဖိအားပေးတော့အမှုဖွင့်ဖို့ မနေ့ကမှ သူတို့လက်ခံတယ်။ သူတို့အမှုဖွင့်ပေးတယ်။ ဒီနေ့(စက်တင်ဘာ ၂၆ရက်) ဆိုရင်ကလေး ဆေးစာယူတယ်။ နောက်အဆင့်တွေကတော့ ဆေးစာကနေတဆင့်သွားမယ်ပေါ့။အခုတော့ တရား  ခံနှစ်ယောက်လုံးဖမ်းထားပါပြီ”လို့ ကိုကျော်သူရကရှင်းပြပါတယ်။

ကျူးလွန်သူတွေဘက်က တခြားပြစ်မှုတွေအတွက် ဖြောင့်ချက်ပေးထားပြီလို့သိရပေမယ့် အဓမ္မပြုကျင့်တယ်ဆို တဲ့ အချက်ကိုတော့ ဝန်ခံတာမရှိသေးတဲ့အကြောင်းသိရတယ်လို့လည်း ဦးအေးမောင်ကလက်ရှိအ မှုအခြေ အနေကို ပြောပြပါတယ်။

“အခုဆိုရင်တတိုင်း တပြည်လုံးလည်းသိသွားပြီ။ တနိုင်ငံလုံးလည်းသိသွားပြီ ။မြန်မာနိုင်ငံရဲ့ ဒုရဲချုပ်ကြီးအထိ သိသွားပြီဆိုတော့ နယ်မြေခံ ရဲစခန်းက ကာဗာပေးလို့မရတော့ဘူး။စစ်ဆေးပေးရ ၊အမှုဖွင့်ပေးရတော့တာပဲ။ ကလေးအတွက်လည်း တော်ရုံတန်ရုံလည်း စစ်ဆေးပြီးပါပြီ။ဓာတ်မှန်လည်း ရိုက်ပြီးပါပြီ။ အာထရာဆောင်းလည်း ရိုက်ထားတယ်။အဖြေကတော့ မရသေးဘူး”လို့ သူကဆက်ပြောပါတယ်။

မြေးမလေးအတွက် တရားမျှတမှုရလိုဇောနဲ့ ကလေးလက်ကိုဆွဲပြီး တစိမ်းဒေသဆီထွက်ခဲ့ပေမယ့် လက်ရှိမှာ အွန်လိုင်းကရော မြေပြင်မှာပါ ဝန်းရံရပ်တည်ပေးကြသူတွေ၊စိတ်အား၊လူအား ၊ငွေအားကူညီကြ သူတွေကို တွေ့လာရတာကြောင့်အံ့ဩရသလို မျှော်လင့်မထားတဲ့ အခြေအနေလို့ ဆိုပါတယ်။

သူနေထိုင်ရာ တောင်ပေါ်ဒေသမှာ သူ့မြေးမလေးအရွယ် ကလေးသူငယ်တွေအများအပြားရှိနေတာကြောင့် အခု ဖြစ်စဉ်ကို စံနမူနာပြအနေနဲ့ တရားမျှတမှုရအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်တခုတည်းနဲ့ တောင်အောက်ရောက်လာခဲ့တယ်လို့လည်း ဖွင့်ဟပါတယ်။

“ကျွန်တော်တို့တောင်ပေါ်မှာ ကလေးသူငယ်တွေများစွာရှိတဲ့အတွက်ကြောင့်မို့ ကျွန်တော်က စံပြနမူနာ၊ကျွန် တော် ဘယ်ဘဝ ရောက်ရောက် ဘယ်လိုပဲရှင်းရရှင်းရ နောင်လာနောင်သားအတွက်ကျွန်တော်ကစံပြအနေနဲ့ သူ့ (ကျူးလွန်သူတွေ)ကိုလည်း ဥပဒေအထိုက်အလျောက် အပြစ်ဒဏ်ချခံဖို့ အဲ့ရည်ရွယ်ချက်ပဲ”လို့ သူ့ခရီးရဲ့ လားရာ ကို ရှင်းပြပါတယ်။

လက်ရှိမှာ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာက လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီဖြစ်တာကြောင့် မြေးမလေး ခံစားခဲ့ရတဲ့ ကိစ္စတွေအတွက် တရားမျှတမှုကို မကြာခင်မှာ ရနိုင်တော့မယ်လို့ ဦးအေးမောင် တယောက်ယုံကြည်နေပါတယ်။

“ဝိုင်းပြီးရပ်တည်ပေးကြလို့ တနိုင်ငံလုံးကို ကျေးဇူးတင်တယ်။ မြေးလေးအတွက် တရားမျှတမှုရအောင် ကျွန်တော် ကြိုးစားသွားမယ်”