ပြည်တွင်းသုံး ကားတွေမှာ တရုတ်နဲ့ ရုရှား နည်းပညာတွေ ထည့်သွင်းသုံးစွဲမှုကို ကန့်သတ်ဖို့ အမေရိကန် စီစဉ်

စက်တင်ဘာ၊ ၂၄

မော်တော်ကားတွေမှာ အသုံးပြုမယ့် တရုတ်နဲ့ ရုရှား နည်းပညာတွေ၊ စက်ပစ္စည်း ကိရိယာတွေ တချို့ကို ပိတ်ပင်ဖို့ အမေရိကန်က စီစဉ်နေပါတယ်။

လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် အိမ်စီးကား၊ မော်တော်ကားနဲ့ ဘတ်စ်ကားတွေမှာ တရုတ်နဲ့ ရုရှား နည်းပညာ အသုံးပြု softwareနဲ့ hardware တချို့ကို ပြည်တွင်း အသုံးပြုခွင့် ပိတ်ပင်ဖို့ စီစဉ်နေကြောင်း အမေရိကန် အစိုးရ အရာရှိ တချို့က အတည်ပြုခဲ့ပါတယ်။

အထူးသဖြင့် နည်းပညာ ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ရတဲ့ မောင်းသူမဲ့ကား နည်းပညာလို ကဏ္ဍတွေမှာ ရန်သူနိုင်ငံတွေရဲ့ နည်းပညာတွေ ပါဝင် ပတ်သက်လာရင် အမေရိကန် လမ်းမတွေပေါ်က ကားတွေကို ရန်သူက ထိန်းချုပ်ခွင့် ရသွားတာမျိုး လုံခြုံရေးစည်း ကျိုးပေါက်တာတွေ ကြုံလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အမေရိကန်မှာတော့ တရုတ်နဲ့ ရုရှား နည်းပညာသုံး softwareတွေကို ကားတွေမှာ ထည့်သွင်းအသုံးပြုတာမျိုး အရမ်းနည်းပါတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့ အခြေအနေ တခုဖြစ်တာကြောင့် ကြိုကြိုတင်တင် ဥပဒေ သတ်မှတ် တားဆီးထားဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ အမေရိကန် အစိုးရရဲ့ စီးပွားရေးဝန်ကြီး ဂျီနာ ရိုင်မွန်ဒိုက ပြောပါတယ်။

မျက်မှောက်ခေတ် ကားတွေမှာ ကင်မရာတွေ၊ မိုက်ကရိုဖုန်းတွေ၊ GPS ခြေရာခံ စနစ်တွေနဲ့ တခြားနည်းပညာတွေကို အင်တာနက်နဲ့ အချိန်ပြည့် ချိတ်ဆက်ထားကြောင်း၊ အဲဒီ အချက်အလက်တွေကို ရန်လိုတဲ့ တခြားနိုင်ငံ တခုကသာ ထိန်းချုပ်ခွင့် ရသွားမယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ ကြုံတွေ့လာမလဲ ဆိုတာကို မှန်းဆလို့တောင် မရကြောင်း၊ အမေရိကန်ဟာ နိုင်ငံတော် လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးဖို့ လိုအပ်သလို စီမံသွားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

တရုတ် အစိုးရကတော့ အမေရိကန်ဟာ လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ တရုတ် စီးပွားရေးနဲ့ နည်းပညာ လုပ်ငန်းတွေကို မမျှမတ ဆက်ဆံနေတဲ့ နောက်ထပ် လုပ်ရပ်တခုကို တွေ့မြင်ခဲ့ရတာလို့ ဝေဖန်ခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းက တရုတ်ရဲ့ ထုတ်ကုန်တွေ၊ ကုမ္ပဏီတွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ အမေရိကန်က ဖိနှိပ်နေတာကို ဆန့်ကျင်ကြောင်း၊ မျှတတဲ့၊ ပွင့်လင်းတဲ့၊ ခွဲခြားဆက်ဆံမှု ကင်းတဲ့ စီးပွားရေး ဝန်းကျင်မျိုးကို တရုတ် ကုမ္ပဏီတွေအတွက် ဖန်တီးပေးဖို့ တောင်းဆိုကြောင်း ပြောကြားသွားပါတယ်။

အမေရိကန်ဟာ ပြည်တွင်းမှာ တရုတ်လုပ် မော်တော်ကားတွေရဲ့ ထုတ်လုပ်သုံးစွဲမှု ကွင်းဆက်တွေကိုလည်း ကန့်သတ်ဖို့ အလေးအနက် စီမံပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Ref: BBC