သံတွဲက လက်ကျန်ရေတပ်စခန်းကိုAA သိမ်းပိုက်၊စစ်ကောင်စီအင်အားတထောင်ကျော်ထဲက လေးရာကျော် သေဆုံးတယ်လို့ဆို

စက်တင်ဘာ ၊ ၇

ရခိုင်ပြည်နယ်သံတွဲမြို့နယ်အတွင်း အဓိက လက်ကျန်စခန်းတခုဖြစ်ပြီး မောင်ရွှေလေးရေတပ်လို့လည်း လူသိ များ တဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကိုတလနီးပါးထိုးစစ်ဆင်ပြီးနောက်  ဩဂုတ်(၅)ရက် ညနေပိုင်း မှာ အပြီးသတ် သိမ်းပိုက်နိုင်ပြီလို့ အာရက္ခတပ်တော် AAကပြောပါတယ်။

သံတွဲမြို့တောင်ဘက် ပင်လယ်ကမ်းခြေက ကွင်းဝိုင်းနဲ့ မောင်ရွှေလေးရွာတွေကြားမှာရှိတဲ့ အဲ့ဒီရေတပ်စခန်းကို လက်မလွှတ်ရဖို့ စစ်ကောင်စီက စုစုပေါင်း အင်အား ၁၂၀၀လောက်နဲ့ ရေတပ်စခန်းအနီးတဝိုက်ကနေ အဆင့်ဆင့် ခုခံခဲ့သလို လေကြောင်း၊ရေကြောင်းပစ်ကူတွေလည်းသုံးခဲ့ပေမယ့် သိမ်းပိုက်နိုင်ခဲ့တာလို့ AA ကဆိုပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးရာကျော်သေဆုံးခဲ့သလို စစ်အသုံးအဆောင်တွေနဲ့ လက် နက်ခဲယမ်းအများအပြားကိုလည်းသိမ်းဆည်းရရှိခဲ့ကာ စစ်ကောင်စီကတော့ ဒဏ်ရာရ၊ကျဆုံးတပ်ဖွဲ့ဝင်တွေကို စစ် သင်္ဘောတွေနဲ့အကြိမ်ကြိမ်သယ်ယူကာ ဧရာဝတီတိုင်းဘက်ဆုတ်ခွာရွှေ့ပြောင်းသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း သေဆုံးပြီးကျန်ရစ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေကို AA က သင်္ဂြိုလ်ပေးခဲ့ရတာတွေ လည်းရှိတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA ဟာ မောင်ရွှေလေးရေတပ်စခန်းကိုမသိမ်းပိုက်ခင်ကတည်းက သံတွဲမြို့နယ်တခုလုံး နီးပါး ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဒေသတွေဖြစ်တဲ့ ကျိန္တလီနဲ့ ဂွတို့မှာ လည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

မောင်ရွှေလေးရေတပ်စခန်းဟာ စစ်ကောင်စီရေတပ်ရဲ့ အထူးတပ်ဖွဲ့တခုဖြစ်တဲ့ Neavy Sealsတပ်ဖွဲ့ဝင်တွေ လေ့ ကျင့်မွေးမြူပေးရာ အဓိကစခန်းတခုလည်းဖြစ်ပါတယ်။

အဲ့ဒီစခန်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်ချိန်နေချိန်ကာလအတွင်း Neavy Sealsတပ်ဖွဲ့ဝင်တွေကြောင့် AA တပ်ဖွဲ့ဝင်တွေအထိနာနေတယ်လို့ စစ်ကောင်စီလော်ဘီတွေက ဝါဒဖြန့်ခဲ့ပေမယ့် တလမပြည့်ခင်မှာပဲ စခန်းလက် လွှတ်လိုက်ရတာဖြစ်ပါတယ်။

သံတွဲမြို့နယ်အပါအဝင် ရခိုင်ဒေသနေရာစုံကနေ စစ်ရှုံးပြီးထွက်ပြေးလာသူတွေ၊လတ်တလော စစ်သင်တန်းဆင်း လာသူတွေအပါအဝင် တခြားနေရာတွေကနေ စစ်ကူအဖြစ်ဖြည့်တင်းထားသူတွေနဲ့ မောင်ရွှေလေးရေတပ် စခန်းမ ကျဖို့ စစ်ကောင်စီက ခုခံခဲ့တယ်လို့ အာရက္ခတပ်တော်ကပြောပါတယ်။

မောင်ရွှေလေးရေတပ်စခန်း ထိုးစစ်ဆင်ခံနေရချိန်အတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူတွေအပြင်၊ ပင်လယ် ပြင်ထဲကစစ်သင်္ဘောရှစ်စီး၊ရေတပ်စခန်းထဲကလက်နက်ကြီးပစ်ကူတွေပါသုံးပြီးခုခံခဲ့သလိုစခန်းကျသွားပြီး နောက် မှာလည်း ရခိုင်ပြည်နယ်တွင်းတခြားဒေသတွေမှာ အရပ်ဘက်နေရာတွေဆီ လက်နက်ကြီးတွေပစ်ခတ်နေ တယ် လို့ AA က ဆိုထားပါသေးတယ်။

 သံတွဲမြို့နယ်လိုပဲ တမြို့နယ်လုံးနီးပါးကို AA က သိမ်းပိုက်ထားနိုင်ပြီး မြို့တွင်းလက်ကျန် စစ်ကောင်စီတပ်ဖွဲ့တွေ ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့မှာတော့ မြို့သိမ်းတိုက်ပွဲဆက်ဖြစ်နေဆဲပဲလို့ သိရပါတယ်။