အစ္စရေးကို လက်နက် တင်ပို့မှုတွေ ဗြိတိန်က တစိတ်တပိုင်း ဆိုင်းငံ့ 

စက်တင်ဘာ၊ ၃

ဗြိတိန်ဟာ အစ္စရေး နိုင်ငံဆီ လက်နက်ပံ့ပိုး ရောင်းချမှု အစီအစဉ် တချို့ကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အစ္စရေးဟာ ဗြိတိန်ဆီက ဝယ်ယူထားတဲ့ စစ်လက်နက် တချို့ကို နိုင်ငံတကာ ဥပဒေ ချိုးဖောက်တဲ့ လုပ်ရပ်တွေမှာ အသုံးပြုနိုင်ကြောင်း စိုးရိမ်သင့်တဲ့ အခြေအနေတွေ အထင်အရှား တွေ့နေရတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက ပြောပါတယ်။

ဗြိတိန် အစိုးရဟာ အစ္စရေးဆီ လက်နက် တင်ပို့ခွင့် လိုင်စင် ၃၅၀ ခွင့်ပြုထားရာမှာ ၃၀ လောက်ကို လတ်တလော ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

အဲဒီလို ဆိုင်းငံ့လိုက်တဲ့ထဲမှာ တိုက်လေယာဉ် အစိတ်အပိုင်းတွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေလည်း ပါဝင်ပါတယ်။

အစ္စရေး အစိုးရဖက်ကတော့ ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ လမ်းကြောင်းတခုဖြစ်ပြီး စိတ်ပျက်မိတယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။

လမ်မီက ဗြိတိန်ဟာ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို ဆက်လက် အားပေး ထောက်ခံနေမှာ ဖြစ်သလို လက်နက်ရောင်းချမှု အပြည့်အဝ ပိတ်ပင်တဲ့ အဆင့်ထိ ကျင့်သုံးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တဖက်မှာလည်း ဂါဇာမှာ ဆင်နွှဲတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် အရပ်သား ပါလက်စတိုင်း ပြည်သူတွေ ထိခိုက်သေကြေမှု အရမ်းများပြားလာတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ထိထိရောက်ရောက် တုံ့ပြန်ဖို့ တောင်းဆိုမှုတွေလည်း မြင့်တက်လာနေပါတယ်။

အစ္စရေးဟာ ဂါဇာမှာ ဆင်နွှဲတဲ့ လေကြောင်း စစ်ဆင်ရေးတွေမှာ F-35 တိုက်လေယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီး ဗြိတိန်က ကန့်သတ်ပိတ်ပင်တဲ့ လက်နက် တင်ပို့မှုတွေမှာတော့ အဲဒီလေယာဉ်တွေရဲ့ အပိုပစ္စည်းတွေ မပါဝင်ပါဘူး။

တဖက်မှာတော့ အမေရိကန်ဟာ အစ္စရေးအတွက် အကြီးမားဆုံး လက်နက်ထောက်ပံ့တဲ့ မဟာမိတ် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေဆဲပါ။ စာရင်းတွေအရ ၂၀၁၉ ကနေ ၂၀၂၃ ခုနှစ်အတွင်း အစ္စရေးရဲ့ စစ်လက်နက် တင်သွင်းမှု အားလုံးထဲက ၆၉ ရာခိုင်နှုန်းဟာ အမေရိကန်ဆီကနေ ဝယ်ယူခဲ့တာလို့ သိရှိရပါတယ်။

Ref: BBC