အာဏာသိမ်းကာလအတွင်းအမျိုးသမီး တထောင့်တရာကျော်သတ်ဖြတ်ခံခဲ့ရ

Photo – Social Media

စက်တင်ဘာ၊ ၂

စစ်အာဏာသိမ်းမှုစတင်တဲ့ ၂၀၂၁ခုနှစ်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စု က သတ်ဖြတ် ခဲ့တဲ့ အမျိုးသမီး ၁၁၃၂ဦးရှိပြီး နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၅၇၀၀ နီးပါးအထိရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့အချက်အလက်တွေအရသိရပါတယ်။

AAPP ကလက်လှမ်းမီသမျှ အချက်အလက်ကောက်ယူစုဆောင်းခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်တဲ့ သတ်ဖြတ် ခံရသူအမျိုးသမီး တထောင်ကျော်နဲ့ဖမ်းဆီးခံရသူ ၅၆၄၉ ဦးအထိရှိနေတာဖြစ်ကာ မြေပြင်မှာ အခုထက်ပိုတဲ့ ကိန်း ဂဏန်းတွေရှိနေနိုင်တယ်လို့လည်း နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ အစီရင်ခံစာမှာဖော်ပြပါတယ်။

အာဏာသိမ်းမှုမတိုင်ခင် ပြီးခဲ့တဲ့ကာလတွေအတွင်း မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေကို ပမာဏတခုအထိ သတ် မှတ်ပါဝင်ခွင့်ပေးဖို့ ဆွေးနွေးတိုက်တွန်းမှုတွေကျယ်လောင်ခဲ့ပေမယ့် အာဏာသိမ်းချိန်အထိတော့ နိုင်ငံရေးမှာ အ မျိုးသမီးတွေပါဝင်ဖို့အခွင့်အလမ်းအားနည်းနေဆဲပဲလို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေကပြောခဲ့ကြပါတယ်။

လက်ရှိ အာဏာသိမ်းကာလ နွေဦးတော်လှန်ရေးကာလအတွင်းမှာတော့ စစ်ကောင်စီကသတ်ဖြတ်ခဲ့သူနဲ့ ဖမ်းဆီးခဲ့ သူ စုစုပေါင်းအရေအတွက်ရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကျော်စီဟာ အမျိုးသမီးတွေဖြစ်တယ်လို့ AAPP ကတွက်ချက်ပြ ထားပါတယ်။

ဒါဟာ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတိုင်းမှာ ကျရာနေရာကနေ နောက်မဆုတ်စတမ်း ပါ ဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိနဲ့အားမာန်ကို နွေဦးတော်လှန်ရေးမှာ အထင်းသားမြင်တွေ့နေရတာ ဖြစ်တယ်လို့ AAPP ကဆိုပါတယ်။

AAPP ရဲ့မှတ်တမ်းတွေအရ ၂၀၂၁ခုနှစ်ကနေ ဩဂုတ်လကုန်အထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့သူ စုစုပေါင်း ၅၅၀၀ကျော်ရှိကာ ဖမ်းဆီးခံရသူ စုစုပေါင်း ၂၇,၀၀၀ ကျော်အထိရှိနေတာဖြစ်ပါတယ်။အဲ့ဒီအထဲက လူ ၂၃၀၀ လောက်ကိုတော့ အမည်၊အချက်အလက်တွေစုံစမ်းနေဆဲလို့ AAPP ကပြောထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာတော့ စစ်ကောင်စီလက်ချက်နဲ့ နိုင်ငံတဝန်းမှာ စုစုပေါင်း ၈၈ဦးသေဆုံးခဲ့တာကို အ တည်ပြုထားနိုင်ပြီး အဲ့ဒီအထဲမှာ  အမျိုးသမီး ၃၅ဦး၊အမျိုးသား ၅၃ဦးပါဝင်တယ်လို့ AAPP ရဲ့ သီးခြားမှတ် တမ်း တွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇၄ဦးရှိရာမှာလည်း အမျိုးသမီး ၂၂ဦးပါဝင်တယ်လို့ ဆိုထားပါ တယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကတော့ အာဏာသိမ်း ချိန်ကနေ အခုနှစ် ဇွန်လအထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ စုစုပေါင်း ၇၃၂၂ ဦးရှိပြီး အဲ့ဒီအထဲက ၁၄၄၇ ဦးဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဏာသိမ်းပြီးနောက် သေဆုံးခဲ့တဲ့ ပြည်သူတွေထဲ အမျိုးသမီး ၁၉ရာခိုင်နှုန်းကျော်အထိ ပါဝင်နေ တယ်လို့ NUG အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကဆိုထားသလို လက်ရှိစစ်ဘေးရှောင်စခန်း တွေမှာ ခိုလှုံနေထိုင်သူအများစုဟာလည်း အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေဖြစ်တယ်လို့ အမျိုးသမီးအရေး ဆိုင်ရာ အရပ်ဘက် အဖွဲ့တွေက ပြောကြပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းမှုကို နိုင်ငံတဝန်းပြည်သူတွေက ဆန့်ကျင်ဆန္ဒပြမှုတွေလုပ်နေကြချိန် ပထမဆုံးသတ် ဖြတ်ခံရသူအဖြစ် မှတ်တမ်းဝင်ခဲ့သူဟာလည်း လူငယ်အမျိုးသမီးတဦးဖြစ်ပါတယ်။

အသက်နှစ်ဆယ်အရွယ် နေ ပြည်တော်ကောင်စီနယ်မြေ ဒေသခံ မမြသွဲ့သွဲ့ခိုင်ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ကိုး ရက်က နေပြည်တော်သပြေကုန်းအဝိုင်းဆန္ဒပြပွဲအတွင်း ဦးခေါင်းကိုသေနတ်ကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့ တာကြောင့် ကုသမှုခံယူရင်း ဆယ်ရက်အကြာမှာသေဆုံးခဲ့ပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ ဦးခေါင်းကို သေနတ်ကျည်ထိမှန်သေဆုံးတာဆိုတဲ့ ထုတ်ဖော်ပပြောဆိုမှုတွေရှိခဲ့ပေမယ့် စစ် ကောင်စီကတော့ အဲ့ဒီပထမဆုံးအချိန်ပစ်ခတ်မှုကတည်းက ဝန်မခံခဲ့ဘဲ ကျည်အစစ်မသုံးဘဲ ရာဘာသေနတ်နဲ့သာ ပစ်ခတ်တာလို့တုံ့ပြန်ခဲ့သလို နောက်ထပ်သူတို့လက်ချက်လို့စွပ်စွဲခံရတဲ့ သေဆုံးမှုနဲ့ သတ်ဖြတ်မှုတွေကိုလည်း ငြင်းဆိုလေ့ရှိပါတယ်။