မလေးရှားမှာ မြေကျွံပြီး ပျောက်ဆုံးနေတဲ့ အိန္ဒိယအမျိုးသမီးကို ရှာဖွေမှု လက်လျှော့ဖို့ ရှိနေ

 

Photo Credit – AP

ဩဂုတ် ၃၁

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့မှာ ပလက်ဖောင်း ရုတ်တရက် မြေကျွံပြီး ပျောက်ဆုံးသွားတဲ့ အိန္ဒိယ အမျိုးသမီးကို ဆက်လက်ရှာဖွေဖို့ အရမ်း အန္တရာယ်များသွားပြီလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

တနည်းအားဖြင့်တော့ ၈ ရက်လောက် ကြာမြင့်လာပြီးတဲ့ အချိန်မှာ ကယ်ဆယ်ရေး မစ်ရှင်တွေကို လက်လျှော့ပြီး အဆုံးသတ်လိုက်တော့မယ့် အဓိပ္ပါယ်မျိုး ဖြစ်လာပါတယ်။ မြေကျွံကျသွားတဲ့ အောက်ဖက်က ရေဝင်နေတဲ့ ကလိုက်ခေါင်းတွေထဲမှာ နောက်ကျိနေတဲ့ ရေထဲ ရေငုပ်သမားတွေ ငုပ်လျှိုးဆင်းသက် ရှာဖွေရတာဟာ အရမ်း အန္တရာယ်များတဲ့ အခြေအနေမျိုး ဖြစ်လာပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကွာလာလမ်ပူ မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် မြေကျွံမှုဟာ မလေးရှားမှာ အတော်ကြီး လှုပ်လှုပ်ခတ်ခတ်နဲ့ သတင်းကြီးစေခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် ဗီဂျာယာ လက်ခ်ရှမီး ဂါလီကို ရှာဖွေဖို့အတွက် ကယ်ဆယ်ရေးသမား ၁၁၀ ယောက်လောက်ဟာ အဆိုင်းတွေခွဲပြီး မရပ်မနား ကြိုးစားခဲ့ကြပါတယ်။

ဒါပေမဲ့လည်း လက်ရှိ အချိန်ထိ ဂါလီ စီးသွားတဲ့ ဖိနပ်နှစ်ဖက်ကလွဲလို့ အမျိုးသမီးနဲ့ ပတ်သက်လို့ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပါဘူး။ ဩဂုတ် ၃၀ ရက်နေ့က ရေအောက် ငုပ်လျှိုးခဲ့တဲ့ ရေငုပ်သမား နှစ်ယောက်ဟာ ပြင်းထန်တဲ့ ရေစီးကြောင်း၊ မာကျောတဲ့ အပျက်အစီးတွေ မျောပါလာမှုနဲ့ ကြုံခဲ့ပြီး ကိုယ်တိုင် ကိုယ်ကျိုးနည်းလုနီးပါး ဖြစ်ခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

မြေကျွံချိုင့်ကြီးအောက်က ရေဟာ အရမ်းနောက်ကျိနေပြီး ရှေ့ကို ဘာမှ မမြင်ရဘဲ ဖြစ်နေတယ်လို့လည်း ရေငုပ်သမားတွေက ဆိုပါတယ်။ အခုတော့ ကယ်ဆယ်ရေး မစ်ရှင်တွေကို ရပ်ဆိုင်းဖို့အတွက် အလေးအနက် စဉ်းစားနေပြီ ဖြစ်ပါတယ်။

ဂါလီဟာ အိန္ဒိယနိုင်ငံ၊ အန်ဟရာ ပရာဒေ့ရှ် ပြည်နယ်ကနေ ကွာလာလမ်ပူကို အလည်အပတ် ရောက်ရှိနေခဲ့တာပါ။ သူဟာ ဩဂုတ် ၂၃ ရက်နေ့တုန်းက မိသားစုနဲ့အတူ ဘုရားကျောင်း တခုဆီ အသွားမှာ ၈ မီတာလောက်ကျယ်တဲ့ ရုတ်တရက် မြေကျွံကျမှုကြီးနဲ့ ကြုံပြီး ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ အဲဒီနေရာကို မြေတူးစက်ကြီးတွေ ပို့ဆောင်ပြီး အပျက်အစီးတွေ ဖယ်ရှားခဲ့သလို အနံ့ခံ ခွေးတွေနဲ့ပါ လိုက်ရှာပေမယ့် ဂါလီကို အစအန မတွေ့ခဲ့ရပါဘူး။ ဒါကြောင့်လည်း မြေအောက် ရေဆိုးပိုက်တွေထဲမှာ သူ့ကို ရှာဖွေဖို့အတွက် ရေငုပ်သမားတွေရဲ့ အကူအညီကိုပါ ယူခဲ့ရတာ ဖြစ်ပါတယ်။ ဂါလီ ပျောက်ဆုံးပြီး နောက်တနေ့မှာတော့ မီတာ ၅၀ လောက် အကွာမှာ နောက်ထပ် မြေကျွံမှုတခု ထပ်ဖြစ်ခဲ့ပြန်ပါတယ်။

မြို့လယ်မှာ ရုတ်တရက် မြေကျွံမှု ဖြစ်ခဲ့ခြင်းက မလေးရှားမှာလည်း အတော်ကြီး အထိတ်တလန့် အခြေအနေတွေ ပေါ်ပေါက်လာစေပါတယ်။ မြေကျွံမှုရဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် လူတွေရဲ့ အပျက်သဘောဆန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေ ဆက်စပ်နိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

Ref: BBC