ဩဂုတ်၊ ၃၁
တရုတ်စစ်တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ဟာ တရုတ်-မြန်မာ နယ်စပ်တလျှောက်က မြို့တချို့မှာ ဖြန့်ကျက်ပြီး ဩဂုတ် ၂၇ ရက်နေ့ကစလို့ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ခဲယမ်းမီးကျောက် အစစ်တွေကို အသုံးပြုတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှု အကောင်အထည်ဖော်မယ့် သတင်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ် အစိုးရ အဖွဲ့ဆီကနေ ကိုးကားပြီး SCMP သတင်းဌာနက ဩဂုတ် ၂၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွက် ရွေးချယ်ထားတဲ့ သတ်မှတ် နေရာတွေထဲမှာ ဒေသတွင်းက အချက်အခြာကျတဲ့ ရွှေလီ၊ ဟူယီနဲ့ ဝမ်ထင်၊ ဂန်မာဒိုင်စတဲ့ မြို့နယ်တွေ ပါဝင်တယ်လို့ SCMP သတင်းက ဖော်ပြခဲ့ပါတယ်။
တရုတ်ရဲ့ တောင်ပိုင်းစင်္ကြံ စစ်ဦးစီး ဌာနချုပ်က နယ်စပ် လုံခြုံရေး ကဏ္ဍကို ပိုမို အားဖြည့်ဖို့အတွက် မြေပြင်နဲ့ ဝေဟင် ပူးပေါင်းပြီး ကင်းလှည့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ ရွှေလီနဲ့ ဇန်ကန်းမြို့တွေဆီ PLA တပ်ဖွဲ့ဝင်တွေ တိုးချဲ့ ပို့ဆောင်သွားမယ်လို့ ကြေညာပြီး မကြာခင်မှာပဲ နယ်စပ် စစ်ရေးလေ့ကျင့်မှု အစီအစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
တရုတ်ဟာ စစ်ရေးလေ့ကျင့်မှုတွေ မစခင် ကတည်းက အဲဒီလုပ်ဆောင်မှုရဲ့ ရည်ရွယ်ချက်ဟာ နယ်စပ်မှာ ခြိမ်းခြောက်မှုတွေ ကြုံတွေ့လာရင် PLA တပ်ဖွဲ့ဝင်တွေရဲ့ လျင်လျင်မြန်မြန် တုံ့ပြန် ကိုင်တွယ်နိုင်စွမ်းကို ဆန်းစစ်ဖို့သာ ဖြစ်တယ်လို့ တောက်လျှောက် အကြောင်းပြချက် ပေးခဲ့ပါတယ်။ နောက်ပြီး ပူးပေါင်း စစ်ဆင်ရေး စွမ်းရည်တွေကို စမ်းသပ်ဖို့နဲ့ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။
လက်တွေ့မှာတော့ တရုတ်ရဲ့ နယ်စပ် စစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာဖက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ နယ်စပ်ကို ကျော်လွန်ပြီး တရုတ်ပိုင်နက်ထဲထိ ကူးစက်မလာအောင် ဟန့်တားဖို့ အဓိက ရည်ရွယ်ထားတာလို့ SCMPက ဆိုတယ်။ ဒီကိစ္စဟာ တရုတ်ရဲ့ နယ်စပ်လုံခြုံရေး မူဝါဒမှာ သိပ်အရေးကြီးပါတယ်။
SCMPက ဆက်သွယ်မေးမြန်းခဲ့တဲ့ သတင်းရင်းမြစ် တဦးကတော့ PLAရဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ခိုင်မာတိကျတဲ့ ပစ်မှတ်တွေ၊ ရည်ရွယ်ချက်တွေ ရှိနေကြောင်း၊ အဓိက လိုလားချက်က ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ပတ်သက်လို့ စိတ်ပူလောက်စရာ အခြေအနေတွေကို တုံ့ပြန်ဖို့နဲ့ နယ်စပ်လုံခြုံရေးကို ကာကွယ်ဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သူကဆက်ပြီး မြန်မာ့ ပြည်တွင်း ပဋိပက္ခဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကြီးအကျယ် ထိခိုက်နှောင့်ယှက်မှုတွေ ကြုံတွေ့လာနိုင်စေပြီး နယ်စပ်လုံခြုံရေးကို ခိုင်ခိုင်မာမာ အာမခံချက် ပေးနိုင်မှသာ ဒေသတည်ငြိမ်ရေးကို ဆောင်ကြဉ်းနိုင်လိမ့်မယ်လို့ တရုတ်က ယုံကြည်ထားကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။
PLAရဲ့ နာမည်ဖော်မပြတဲ့ ဝါရင့် ဗိုလ်မှူးကြီး တဦးကတော့ တရုတ်အနေနဲ့ မြန်မာဖက်က စစ်ပွဲတွေ နိုင်ငံပိုင်နက်ထဲ ကူးစက် ဂယက်ရိုက်လာမယ့် ကိစ္စတိုင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်မှာ ဖြစ်တယ်လို့ SCMPကို ပြောခဲ့ပါတယ်။ ဒါ့အပြင် တရုတ် အစိုးရဟာ မြန်မာ့ ပြည်တွင်းရေးမှာ ငြိမ်းချမ်းရေး ပြဿနာမှာ ကြားဝင် စေ့စပ်ပေးတဲ့ ကဏ္ဍကနေ ချဉ်းကပ်လိုတယ်လို့လည်း သူက ဆိုတယ်။
အခုသီတင်းပတ် တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာဖက်မှာ စစ်ရေး တင်းမာမှုတွေ အရှိန်အဟုန် မြင့်တက်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဇူလိုင်လကုန်မှာ အာဏာသိမ်း စစ်တပ်ဟာ အရေးပေါ် အခြေအနေ ကြေညာမှုကို သက်တမ်း ခြောက်လ ထပ်တိုးကြောင်း ကြေညာပြီး တရားလက်မဲ့ အာဏာ ချုပ်ကိုင်မှုကို ဆက်လက် တည်မြဲစေခဲ့ပါတယ်။
တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ အပါအဝင် မြန်မာနိုင်ငံမှာ အဓိက ရင်းနှီးမြှုပ်နှံမှု ပရောဂျက်ကြီး တချို့ကို အကောင်အထည် ဖော်နေခဲ့ပါတယ်။
ပြီးတော့ အိန္ဒိယ သမုဒ္ဒရာနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ တရုတ်ရဲ့ မဟာဗျူဟာ ရည်မှန်းချက်မှာ မြန်မာဟာ အဓိက အခန်းကဏ္ဍက ပါဝင်နေပြန်တယ်။ အဲဒီရည်မှန်းချက် အထမြောက်မှသာ တရုတ်ဟာ ရေနံတင်သွင်းမှုတွေကို မလက္ကာ ရေလက်ကြား တခုတည်းအပေါ် အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပိုင်နက်ထဲက ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေဟာ တရုတ် နယ်စပ်နဲ့ ထိစပ်နေပါတယ်။ ပြီးတော့ လက်ရှိ ပြည်တွင်းရေး ပဋိပက္ခတွေရဲ့ ပင်မ ဆုံချက်လိုမျိုး ဖြစ်နေတယ်။ ညီနောင် မဟာမိတ်အဖွဲ့လို့ ခေါ်ဆိုပြီး ကွဲပြားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ၃ ခု ပူးပေါင်းထားတဲ့ တပ်တွေဟာ မနှစ်က အောက်တိုဘာလက စလို့ စစ်တပ်ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တယ်။ အဲဒီ မဟာမိတ်အဖွဲ့ရဲ့ စစ်ရေးအောင်မြင်မှုတွေဟာ ၂၀၂၁ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး မတရား အာဏာသိမ်းထားတဲ့ စစ်တပ်ကို အကြီးအကျယ် ခြိမ်းခြောက်လာခဲ့ပါတယ်။
ဇန်နဝါရီလမှာတော့ တရုတ်ရဲ့ ယူနန် ပြည်နယ်ထဲက နန်ဆန်းမြို့မှာ နယ်စပ်ဖြတ်ကျော် ကျရောက်လာတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲရာက တရုတ်နိုင်ငံသား ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီကိစ္စအပေါ် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သလို မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ယူနန် ပြည်နယ်ဟာ မြန်မာ့နယ်စပ်နဲ့ ကီလိုမီတာ ၂၀၀၀ လောက် ထိစပ်နေတာပါ။
ဇန်နဝါရီလမှာ တရုတ်ဟာ စစ်တပ်နဲ့ ညီနောင်မဟာမိတ် အဖွဲ့တွေကြား အပစ်အခတ် ရပ်စဲရေး ကြားဝင်စေ့စပ်ပေးခဲ့တယ်။ ဇွန်လမှာတော့ အဲဒီ ကိစ္စဟာ လုံးဝ ပြိုလဲသွားပြီး တိုက်ပွဲတွေ ပြန်စလာပါတယ်။ ဒါပေမဲ့လည်း တရုတ်ဟာ လူမြင်ကွင်းမှာတော့ သံတမန်ရေးရာ ထိတွေ့မှုတွေကို ဆက်လက် ထိန်းသိမ်းထားပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ ဩဂုတ်လထဲမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး စစ်တပ်နဲ့ တိုင်းရင်းသား တပ်တွေကြား ကြားဝင်စေ့စပ်ပေးဖို့ အားထုတ်ခဲ့ပြန်တယ်။ တရုတ်ဟာ စစ်တပ်နဲ့ရော၊ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ပါ နီးစပ်တဲ့ ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားပါတယ်။
ပြီးတော့ တရုတ်ဟာ နယ်စပ်မှာ လုံခြုံရေးအရ စိုးရိမ်စရာ အခြေအနေတွေ ရှိလာတယ်လို့ ခံစားရတိုင်း စစ်ရေးလေ့ကျင့်မှုတွေကို အင်အားပြတဲ့ သဘောမျိုး လုပ်လေ့ရှိပါတယ်။ ဥပမာ ဧပြီလတုန်းကလည်း မြန်မာနဲ့ နယ်စပ်မှာ PLAက စစ်ရေးလေ့ကျင့်မှု နှစ်ကြိမ် လုပ်ခဲ့တယ်။ အဲဒီတုန်းကဆိုရင် တရုတ်စစ်တပ်ရဲ့ တရားဝင် သတင်းစာဖြစ်တဲ့ PLA Dailyက နိုင်ငံရဲ့ ပြည်သူတွေကို လုံခြုံအောင် အကာအကွယ်ပေးဖို့ လိုအပ်သမျှ အစီအမံတိုင်းကို လုပ်ဆောင်ပါမယ် ဆိုတာမျိုး အမှတ်ယူပြီး ဝါဒဖြန့်ခဲ့ပါသေးတယ်။
(Business Standard၏ Why is China set to hold live-fire military drills along Myanmar border? ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)