ကလေးကစားကွင်းကို ရုရှားလေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း စွပ်စွဲ

ဩဂုတ် ၊ ၃၁

ကလေးကစားကွင်း တခုကို ဦးတည်ပြီး ရုရှားက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ လေခွင်းဗုံး (glided bomb) တခုဟာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ခါကစ်ဗ်မြို့က ကလေးကစားကွင်းကို ဩဂုတ် ၃၀ ရက်နေ့မှာ ထိမှန်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးသွားကြောင်း သိရပါတယ်။

ရုရှားနယ်စပ်နဲ့ သိပ်မဝေးတဲ့ အဲဒီမြို့ထဲက ၁၂ ထပ်တိုက် တလုံးလည်း ရုရှားဒုံးကျည် ထိမှန်တာ ခံခဲ့ရပြီး ၆ ဦးသေ၊ ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်း အစိုးရက အရပ်ဖက် ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်တဲ့ ရုရှားရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေး လက်နက်တွေ ပိုမို ထောက်ပံ့ ဖြည့်တင်းပေးဖို့လည်း အနောက်မဟာမိတ် နိုင်ငံတွေကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လေတပ် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မိုင်ခိုလာ အိုလက်ချုကို ထုတ်ပယ်လိုက်ပြီး နာရီပိုင်း အကြာမှာပဲ ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးဖြစ်တဲ့ ခါကစ်ဗ်မြို့ကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ခါကစ်ဗ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ ကာလတလျှောက် မကြာခဏ ပစ်မှတ်ထား ခံရတဲ့ နေရာတခုပါ။ အိုလက်ချုဟာ ယူကရိန်းက မကြာသေးခင်ကမှ NATO မဟာမိတ်တွေဆီကနေ လက်ခံရရှိထားတဲ့ F-16 တိုက်လေယာဉ်တစီး ပျက်ကျပြီး မကြာခင်မှာပဲ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဇီလန်စကီးက ယူကရိန်းဟာ ရုရှားရဲ့ ရန်လို တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် တားဆီးဖို့အတွက် လက်ရှိ မဟာမိတ်တွေဆီက အထောက်အပံ့ ရထားတဲ့ တာဝေးပစ် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ရဖို့လည်း လိုတယ်လို့ ဆိုပါတယ်။

သူက ရုရှားဟာ စစ်ရာဇဝတ်မှုတွေ အတိအလင်း ကျူးလွန်နေတာ ဖြစ်တယ်လို့ စွပ်စွဲပြီး အဲဒီအတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အပြည့်အဝ တာဝန်ယူရလိမ့်မယ်လို့လည်း ပြောကြားသွားပါတယ်။

Ref: Guardian