သံတွဲထောင်က နိုင်ကျဥ်းတွေကို AA ကယ်ထုတ်ပြီး နေရပ်ပြန်ပို့

ဩဂုတ်၊ ၈

သံတွဲမြို့အကျဉ်းထောင်မှာပိတ်မိနေတဲ့ နိုင်ကျဥ်းတွေအပါအဝင် အကျဉ်းသား (၃၇၂) ဦးကို ဘေးကင်းလုံခြုံရာကယ်ထုတ်နိုင်ခဲ့တယ်လို့အာရက္ခတပ်တော် AAက ဒီကနေ့သြဂုတ်၈ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က သိမ်းပိုက်ရန်ကျန်ရှိနေသေးတဲ့သံတွဲမြို့ရှိ  စစ်ကောင်စီ၏ တပ်စခန်းအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့အား ပြီးခဲ့တဲ့ဇူလိုင် (၁၆) ရက်မှာအပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်၊ အဲဒီနောက် သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသားတွေကို ကယ်ထုတ်ခဲ့ရာ စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း  စစ်ကောင်စီလက်နက်ကြီးကျည်စထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးမှာလည်း ပြင်းထန်တဲ့ ဒဏ်ရာများနဲ့ ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

ကယ်ထုတ်လာခဲ့တဲ့အကျဉ်းသားများအနက်နိုင်ငံရေးအကျဉ်းသား (၄၃) ဦးပါဝင်ပြီး(၂) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ AAကပြောပါတယ်။ ကျန်နိုင်ငံရေးအကျဉ်းသား (၄၁) ဦးအနက် ရောဂါ၊ ဒဏ်ရာပါလာသူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသူ (၁၇) ဦးတို့ကို ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်ထားတယ်လို့လည်းဖော်ပြပါတယ်။

အရင်နေ့ရက်ကာလတွေမှာ စစ်ကောင်စီက ပင်လယ်ပြင်မှ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ အပြင် လက်နက်နဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို လိုက်လံရှင်းလင်း နေရတာ၊လတ်တလော ရေကြီးနေမှုအခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ဘေးကင်းလုံခြုံရာမှာ ခေတ္တနေရာချထားခဲ့ရတယ်လို့လည်းဆိုပါတယ်။

အခုအချိန်မှာတော့ လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်လို့ နိုင်ငံရေးအကျဉ်းသားအားလုံးကို နေအိမ်များနဲ့ မိသားစုများထံ ပြီးခဲ့တဲ့ ဩဂုတ်လ (၆) ရက်နေ့မှစတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေပြီလို့ဆက်လက်ဖော်ပြပါတယ်။

အဆိုပါ နိုင်ကျဉ်း (၄၁) ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေကအချက်အလက် ကောက်ယူစိစစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းအရ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အရေးပေါ်  စားဝတ်နေရေး ထောက်ပံ့ကူညီမှုတွေကိုလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရာဇဝတ်မှုကျုးလွန်ထားတဲ့ အကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်းထားရှိကာ  ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ AAကထုတ်ပြန်ခဲ့တာပါ။