မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတခုလုံးကို စစ်ကောင်စီလက်လွှတ်ရဖို့နီးကပ်လာ

ဇွန် ၊ ၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းက စစ်ကောင်စီစခန်းခြောက်ခုကို  တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့နောက် အာရက္ခတပ်တော် AA ဟာ မောင်တောမြို့ကိုပါသိမ်းပိုက်နိုင်ဖို့ ပိုမိုနီးကပ်လာသလို မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တခုလုံးကိုပါ သိမ်းပိုက်နိုင်တော့မယ့်အခြေအနေရှိနေပါတယ်။

မောင်တောမြို့နယ် တောင်ပိုင်းပင်လယ်ကမ်းခြေတလျှောက် မောင်တောမြို့အထိ တောက်လျှောက်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေထဲကတာဝါတိုင်စခန်း၊ကျောက်ပန္ဒူစခန်း၊ခွဆုံပြင်စခန်း၊မြင်းလွှတ်စခန်း၊အင်းဒင်စခန်း၊အမှတ်(၉)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၉)စခန်းတို့ကို ဇွန် ၂ရက်ကနေ ၇ရက်အထိ ခြောက်ရက်အတွင်း ဆက်တိုက် သိမ်းပိုက်ခဲ့တယ်လို့ AAကပြောပါတယ်။

မောင်တောမြို့နယ်အတွင်း အကြီးဆုံး စစ်ကောင်စီစခန်းဖြစ်တဲ့ ကျီးကန်းပြင်ဌာနချုပ်ကို ပြီးခဲ့တဲ့မေလဆန်းမှာ သိမ်းပိုက်ပြီးနောက်မြို့နယ်မြောက်ပိုင်းဒေသတွေကိုထိန်းချုပ်နိုင်ခဲ့တဲ့ AA ဟာ တောင်ပိုင်း အငူမော်-မောင်တောလမ်းပေါ်ရှိ အင်အားရာချီရှိ စခန်းကြီးတွေဖြစ်တဲ့ အင်းဒင်၊ မြင်းလွှတ်စတဲ့စခန်းတွေကို ထပ်မံသိမ်းပိုက်လိုက်တာပါ။

ဒါ့အပြင် မောင်တော်မြို့အနီးရှိ လက်ကျန်စခန်းတွေဖြစ်တဲ့ နခခ(၄)၊မောရဝတီ၊အလယ်သံကျော် ၊နား ခေါင်းတို စခန်းတွေနဲ့ တခြားစခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်သွားမှာဖြစ်တယ်လို့ အာရက္ခတပ်တော်ရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“မောင်တောမှာ မြို့ပေါ် နခခ ၅ နဲ့ အနားက စခန်းငယ် လေး၊ ငါးခုပဲ ကျန်တော့တာ၊ အဲဒါတွေကိုလည်း တပြိုင်တည်း ချနေပြီ၊ အဲဒါရရင် အကုန်ရပြီ”လို့ မောင်တောဒေသခံ သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

AA ဟာ မောင်တောမြို့ပေါ် မြို့သူကြီးရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ နခခ ၅ စခန်းနဲ့ မြို့အနီး၀န်းကျင် စခန်းတွေကို သိမ်းပိုက်ပြီးရင်တော့ မောင်တောမြို့ နယ်တခုလုံးနဲ့ ဘင်္ဂလားဒေရှ့်နယ်စပ်တလျှောက်လုံးကို ထိန်းချုပ်နိုင်တော့မှာပါ။

“မြို့သူကြီးစခန်းကိုတော့ စကစက အင်အားအများကြီး ဖြည့်ထားလို့ နည်းနည်းကြာနိုင်တယ်၊ ဒါပေမယ့်အခု ဒရုန်းတွေနဲ့ စတိုက်နေပြီ”လို့ အဆိုပါ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်၀မြို့ နယ်တို့ကို AA ကသိမ်းပိုက်၊ ထိန်းချုပ်ထားပါတယ်။ အဲ့အထဲက ဘူးသီးတောင်နဲ့ ပလက်ဝတို့ဟာ မြန်မာ- ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ ထိစပ်တဲ့နယ်စပ်ဒေသရှိရာ မြို့နယ်တွေဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မြန်မာထိစပ်ရာနောက်ထပ်မြို့နယ်တခုဖြစ်တဲ့မောင်တောကိုတော့ AA က အလုံးစုံ သိမ်းပိုက်နိုင်ဖို့ နီးစပ်နေတာပါ။ မောင်တောမြို့နယ်က လက်ကျန်စခန်းတွေကိုသိမ်းပိုက်ပြီးရင်တော့ AAဟာ ရခိုင်နဲ့ချင်း ထိစပ်ဒေသတလျှောက် ဘင်္ဂလားဒေ့ရှ်နဲ့ ‌အိန္ဒိယနယ်စပ်တလျှောက်လုံးကို  အပြည့်အ၀ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ အမ်းမြို့နယ်တို့မှာလည်း AA က ထိုးစစ်တွေ လုပ်နေပြီး ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ်စီမံကိန်း‌တွေရှိတဲ့ ကျောက်ဖြူအပါအ၀င် ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့နယ်တွေအားလုံးကိုလည်း ဆက်လက်သိမ်း ပိုက်ဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။