မင်းပြားနဲ့ မြေပုံမှာ စစ်တပ်ဗုံးကြဲလို့ ခြောက်ဦး သေဆုံး၊ ဆယ့်တဦး ဒဏ်ရာရ

ဧပြီ၊ ၃
 
ရက္ခိုင့်တပ်‌တော်(AA)က သိမ်းပိုက်ထားတဲ့ မင်းပြားနဲ့ မြေပုံမြို့နယ်တို့မှာ မနေ့ညနေနဲ့ ဒီကနေ့မနက်အစောပိုင်း ဗုံးကြဲတိုက်ခိုက်ခံရမှု နှစ်ကြိမ်အတွင်း တက္ကသိုလ်ကျောင်းသား လူငယ်တဦးအပါအဝင် ခြောက်ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ဒီကနေ့ ဧပြီလ ၃ ရက် မနက်အစောပိုင်း လေးနာရီဝန်ကျင်မှာ မင်းပြားမြို့နယ် မြစ်နားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးထက်မနည်း ကြဲချခဲ့ပြီး အဲဒီရွာကအမျိုးသမီး သုံးဦး သေဆုံးကာ ကလေးနှစ်ဦး အပါအဝင် ရှစ်ဦး ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
 
“လေယာဉ်သံလည်း သိပ်မကြားလိုက်ဘူး၊ လူအိပ်ကောင်းတုန်းအချိန် လာပစ်တာ၊ ကွဲသံ အကျယ်ကြီးပဲ၊ ဒီကနေတောင် မြေတွေ ထိန့်(တုန်)သွားတယ်၊ အိမ်ကို တည့်တည့်ကျတယ်၊ ဒဏ်ရရတာမှာ ကလေးလေး မိန်းကလေးလည်း တယောက်ပါတယ်” လို့ မြစ်နားရွာအနီးရှိ ကြမ်း တိုက်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
 
မြစ်နားရွာက ဒဏ်ရရသွားသူတွေထဲမှာ အသက် နှစ်နှစ်အရွယ် မိန်းကလေးငယ်တဦး အပါအ၀င် အမျိုးသမီး လေးဦး ပါဝင်ပြီး အများစုဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မနေ့က ဧပြီလ ၂ ရက် ညနေ ငါးနာရီဝန်းကျင် ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ တနာရီဝန်းကျင်ကြာ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက DNA ကို ပြောပါတယ်။
 
“လေယာဉ်လာလို့ ဗုံးခိုကျင်းထဲဝင်ပုန်းကြတာ၊ တည့်တည့်ကျပြီး သုံးယောက်တခါတည်းသေတယ်၊ အဲ့လောက်ကြီးတဲ့ ဗုံးတွေနဲ့ကြဲရင် ဗုံးကျင်းဘယ်လောက်ပဲ ခိုင်ခိုင်မခံနိုင်ဘူးလေ၊ ကွန်ကရစ်အထူကြီး အိမ်တွေတောင် ပြိုသွားတာ”လို့ ကမ်းထောင်းကြီးမြို့ခံတဦးက ပြောပါတယ်။
 
အဲဒီသေဆုံးသွားသူတွေဟာ အိမ်နီးနားချင်းတွေဖြစ်ပြီး အသက်နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသား တဦး၊ သက်ကြီးအမျိုးသား တဦးနဲ့ သက်လတ်ပိုင်းအမျိုးသား တဦးတို့ ဖြစ်တယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကမ်းထောင်းကြီးမြို့ မြစ်နားတန်းရပ်ကွက်က လူနေအိမ် ဆယ်လုံးလောက်လည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
 
“ပထမတခေါက် လေယာဉ်ပစ်ပြီး ပြန်သွားတော့ မလာလောက်တော့ဘူးထင်ပြီး အိမ်တွေကို မီးဝိုင်းငြိမ်းနေကြတာမှာ ထပ်လာပစ်လို့ သုံးယောက်ဒဏ်ရာ ထပ်ရတယ်” လို့ ကမ်းထောင်းကြီးမြို့ခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်၊ ၂၉ ရက်နဲ့ ၂၄ ရက်နေ့တို့ကလည်း ကမ်းထောင်းကြီးမြို့ကို ဂျက် လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တာကြောင့် ဆေးရုံဝန်ထမ်းအ မျိုးသမီးအပါအဝင် ခုနှစ်ဦးထက်မနည်း ဒဏ်ရာရကာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ လူနေအိမ်ဆယ်ချီ မီးလောင် ပျက်စီးသွားခဲ့ပါသေးတယ်။
 
လက်ရှိမှာ အိမ်‌ခြေသုံးထောင်၀န်းကျင်ရှိတဲ့ ကမ်းထောင်း ကြီးမြို့ ဒေသခံတွေဟာ ဘေးလွှတ်ရာ ထွက်ပြေးနေကြရ တယ်လို့ ဆိုပါတယ်။
 
“အခု တမြို့လုံး လူမရှိတော့ဘူး၊ လူသောင်းချီ ပြေးနေကြတော့ နေစရာလည်း အခက်အခဲ” လို့ ကမ်းထောင်းကြီး မြို့ခံ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။
 
ကမ်းထောင်းကြီးမြို့၊ အနီးတဝိုက်ကျေးရွာတွေနဲ့ မင်းပြားမြို့နယ်အတွင်းရှိ မင်းဖူးဆေးရုံ၊ သေကန်၊ အမ်းသားရွာတို့ကိုလည်း စစ်ကောင်စီတပ်က လေ ကြောင်းဗုံးကြဲတာတွေ ရှိခဲ့ပြီး အရပ်သား ဆယ်ချီ သေဆုံး၊ ဒဏ်ရာရခဲ့ကြပါတယ်။
 
စစ်ကောင်စီတပ်ဟာ AA သိမ်းထားတဲ့ မြို့နယ်တွေရှိ လူနေကျေးရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ရှောင်တွေ ခိုလှုံရာနေရာစတဲ့ စစ်ရေးနဲ့မဆိုင်တဲ့ အရပ်ဖက်နေရာ တွေကို လေကြောင်း၊ လက်နက် ကြီးတွေနဲ့ နေ့စဉ်ရက် ဆက်တိုက်ခိုက်နေတာပါ။
 
DNA က ကောက်ယူ၊ ပြုစုထားတဲ့ အချက်အလက် တွေ အရ AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာ သိမ်းပိုက် ပြီး နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတွေအပါအ၀င် အရပ်သား သေဆုံးရသူ ခုနှစ်ဆယ်၀န်းကျင်နဲ့ ဒဏ်ရာရသူ နှစ်ရာ နီးပါး ရှိပြီဖြစ်ပါတယ်။
 
စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်ခဲ့ရ တဲ့မြို့နယ်တွေ အပြင် တိုက်ပွဲဖြစ်ပွားမှုလုံး၀မရှိတဲ့မြို့နယ်တွေမှာလည်း အရပ်သားလူနေရွာတွေ၊ စျေးတွေနဲ့ စစ်ဘေးရှောင်စခန်း တွေကို ပစ်မှတ်ထား၊ တိုက်ခိုက်တာတွေလုပ်နေပြီး အရပ် သားသေဆုံးရမှုတွေ ဆက်တိုက်ရှိနေပါတယ်။
 
“တကယ့်သတ္တိရှိလို့ရှိရင် ရက္ခိုင့်တပ်တော်နဲ့ ထိပ်တိုက် ရင်ဆိုင်ပြီးတော့မှ တိုက်၊ မဟုတ်ဘဲ အခုလိုလုပ်နေတာ ဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်တယ်”လို့ ရခိုင်လူ့အ ခွင့်အရေးကာကွယ်မြှင့်တင်သူများအသင်း ဒါရိုက်တာ ဦးမြတ်ထွန်းက ဝေဖန်ပါတယ်။
 
ရခိုင်နဲ့ပလက်ဝဒေသတိုက်ပွဲတွေစခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သုံး လတာကာလအတွင်း စစ်ကောင်စီ တပ်ရဲ့လက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦးထိရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာမှုဆိုင်ရာညှိနှိုင်း ပေါင်းစပ် ရေးရုံး(UNOCHA)ကလည်း ရခိုင်ဒေသတိုက်ပွဲတွေ ကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးရပြီး ထိခိုက်ဒ ဏ်ရာရသူ လေးရာကျော်ရှိတယ်လို့ မတ်လ ၃ ရက်က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ