ဩဂုတ် ၊ ၂
ကာလရှည်ကြာ စောင့်ဆိုင်းနေခဲ့တဲ့နောက် ယူကရိန်းဟာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို လက်တွေ့ စတင် အသုံးချနေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ လေကြောင်း စိုးမိုးမှုတွေကို တန်ပြန်ဖို့ အရေးပါတဲ့ စစ်လက်နက် အထောက်အပံ့အဖြစ် F-16တွေ ပေးအပ်ဖို့ အနောက်မဟာမိတ် နိုင်ငံတွေကို တောင်းဆိုခဲ့ပြီး လပေါင်း အတော်များများ အကြာမှာ အခုလို တိုးတက်မှုတွေ ရှိလာတာပါ။
အခုအခါ ယူကရိန်း စစ်တပ်ဟာ ခေတ်မီ F-16 တိုက်လေယာဉ်တွေကို တိုက်ခိုက်ရေး မစ်ရှင်တွေမှာ စတင် အသုံးပြုနေပြီလို့ စစ်ဘက် အရာရှိ တချို့က Telegraph သတင်းဌာနဆီ အတည်ပြုခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။
အမေရိကန်ဟာ ယူကရိန်းကို F-16တွေ ကိုယ်တိုင် မထောက်ပံ့ပေမယ့် ဥရောပ မဟာမိတ်တွေ ဝယ်ယူထားတဲ့ လေယာဉ်တွေ လက်လွှဲမှုကို ခွင့်ပြုခဲ့သလို ယူကရိန်း လေယာဉ်မှူးတွေနဲ့ မြေပြင် ဝန်ထမ်းတွေကိုလည်း လေ့ကျင့်ပေးခဲ့ပါတယ်။ ပြီးတော့ F-16တွေအတွက် လက်နက် တပ်ဆင်ရေး ကဏ္ဍကိုလည်း ပံ့ပိုးသွားမယ်လို့ အမေရိကန် အစိုးရက ကြေညာထားပါတယ်။
လက်ရှိ အချိန်ထိတော့ ယူကရိန်းမှာ F-16တွေဟာ တိုက်ခိုက်ရေး ကဏ္ဍအတွက် မဟုတ်သေးဘဲ လေကြောင်းကာကွယ်ရေး မစ်ရှင်တွေမှာပဲ ပါဝင်ပျံသန်းနေဆဲလို့ ယူဆရကြောင်း Telegraphက ဖော်ပြခဲ့ပါတယ်။
ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ နော်ဝေး၊ နယ်သာလန် နိုင်ငံတွေဟာ ယူကရိန်းဆီ စုစုပေါင်း F-16 ၇၉ စီးထိ ပေးပို့ဖို့ စီစဉ်ထားကြောင်း ယုံကြည်ရပါတယ်။ လေယာဉ်မှူးတွေနဲ့ မြေပြင် အမှုထမ်းတွေကို လေ့ကျင့်ပေးဖို့ အတွက်ကိုတော့ အမေရိကန်၊ ဗြိတိန်တို့ပါ အပါအဝင် နိုင်ငံတကာ ကွန်ရက်တစ်ခု ချိတ်ဆက် အကောင်အထည် ဖော်ပေးခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းဟာ ဆိုဗီယက်လုပ် တိုက်လေယာဉ် အဟောင်းတွေကိုသာ မှီခိုနေခဲ့ရပြီး အဲဒီလေယာဉ်တွေကလည်း ရုရှားလက်ချက်ကြောင့် အတော်လေး ပြုန်းတီးသွားပြီး ရုရှားက ယူကရိန်းကို လေကြောင်း စိုးမိုးမှုမှာ အပြတ်အသတ် အသာစီး ယူထားနိုင်ခဲ့ပါတယ်။
Ref: Telegraph