နိုင်ငံတကာ တရားရေးစက်ကွင်းအောက်က လွတ်မြောက်နေဆဲ မြန်မာစစ်တပ်

ဩဂုတ်၊ ၃

မေလတုန်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ဟာ အစ္စရေးနဲ့ ဟားမားစ် ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဝရမ်း ထုတ်ခဲ့ဖူးပါတယ်။ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲနဲ့ ဆက်နွှယ်ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုလည်း အလားတူ ဝရမ်းထုတ်မှုမျိုးနဲ့ ICCက တုံ့ပြန်ပြခဲ့ဖူးပါတယ်။ ဒါတင်မကသေးဘဲ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာလည်း ရုရှားကျူးကျော်မှုအပေါ် ယူကရိန်းရဲ့ အရေးဆို တိုင်ကြားမှု၊ ပါလက်စတိုင်း အကျပ်အတည်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့ တောင်အာဖရိက အစိုးရတွေရဲ့ တိုင်ကြားမှုတွေကို တရားရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ တရားစီရင် ဆုံးဖြတ်မှု ကဏ္ဍမှာ အမြင့်ဆုံး တရားရုံး၊ ခုံရုံးတွေလို့ သတ်မှတ် ခံထားရတဲ့ ICJနဲ့ ICCတို့ဟာ သူတို့ရဲ့ စီရင်ဆုံးဖြတ်မှုတွေနဲ့ ပတ်သက်လို့ လက်တွေ့ အကောင်အထည် ဖော်နိုင်စွမ်းမှာ ဝေဖန် မေးခွန်းထုတ်မှုတွေ ကြုံရဖူးတဲ့တိုင်အောင် အခုလို နိုင်ငံတကာ အရေးအခင်းကြီးတွေမှာတော့ စွမ်းနိုင်သမျှ လုပ်ပိုင်ခွင့်ကို သုံးပြီး အဆောတလျင်နဲ့ ထိထိရောက်ရောက် တုံ့ပြန်မှုတွေ ပြသခဲ့ပါတယ်။

အခုလို ပဋိပက္ခတွေကို ဖြေရှင်းရာမှာ နိုင်ငံတကာ ဥပဒေတွေဟာ ဗဟိုချက် နေရာက ပါဝင်ဖို့ လိုအပ်တယ်ဆိုတဲ့ ရှုထောင့်နဲ့ ပုံရိပ်မျိုးကို ဖော်ဆောင်ဖို့ အဲဒီ တရားရုံး နှစ်ခုက တုံ့ပြန် လုပ်ဆောင်ခဲ့တဲ့ သဘောပါပဲ။ ဖြစ်ချင်တော့ အဲဒီ သဘောတရားဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင်တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြန်တယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှာ တပ်မတော် အမည်ခံ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံအနှံ့ အရပ်သား ပြည်သူတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေခဲ့ပါတယ်။ အဲဒီ လုပ်ရပ်တွေထဲမှာ အစုလိုက် သတ်ဖြတ်တာတွေ၊ နှိပ်စက်တာတွေ၊ အရပ်သား ဧရိယာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပါဝင်ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့တော့ နိုင်ငံတကာ တရားရုံးတွေက ဘာမှ မစွမ်းဆောင်နိုင်သလို ဖြစ်နေပါတယ်။ ICCရဲ့ အမှုစစ်တွေဟာ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ဘာဖမ်းဝရမ်းမှ မထုတ်သေးပါဘူး။ ဒါ့အပြင် ICJကလည်း မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအပြီး နောက်ဆက်တွဲ ဘာမှုခင်းကိုမှ မကိုင်တွယ်သေးပါဘူး။

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အမှုဟောင်းတွေကို ICCမှာရော၊ ICJမှာပါ ဆက်လက် စုံစမ်း ကြားနာနေဆဲ ဆိုပေမယ့် အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ် အတောအတွင်း ထပ်မံပေါ်ပေါက်လာတဲ့ ရာဇဝတ်မှုတွေကိုတော့ မျက်ကွယ်ပြုထားဆဲ ဖြစ်ပါတယ်။

တရားရေးဆိုင်ရာ ရှုပ်ထွေးမှုတွေနဲ့ ပထဝီဝင် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့်လည်း မဝေးလှတဲ့ အနာဂတ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရားစီရင်ရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က ကမ်းမမြင် လမ်းမမြင် ဖြစ်နေတုန်းပါပဲ။

ပထမဆုံး အနေနဲ့ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေမှာ ဆက်နွှယ်ပါဝင် ပတ်သက်တဲ့ အင်အားစုတွေ များပြားလွန်းနေတာက ပြည်တွင်းစစ်ကို တိကျတဲ့ ပိုင်းခြား သုံးသပ်မှုမျိုး လုပ်ဆောင်ဖို့ ခက်ခဲစေပါတယ်။ ပါလက်စတိုင်းနဲ့ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ မတူတာက မြန်မာ့ ပဋိပက္ခဟာ နိုင်ငံနှစ်ခု၊ ဒါမှမဟုတ် နိုင်ငံတခုနဲ့ နိုင်ငံအသွင် ရပ်တည်ဖို့ အားထုတ်နေတဲ့ အင်အားစု တခုကြား တိုက်ခိုက်နေတာမျိုး မဟုတ်ပါဘူး။ စစ်တပ်ကို တွန်းလှန်နေတဲ့ အဖွဲ့အစည်း တော်တော်များများ ရှိပြီး အဲဒီထဲမှာ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေ၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ NUGရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)နဲ့ မြောက်မြားလှစွာသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ပါဝင်နေတယ်။ အာဏာသိမ်း စစ်တပ်ကလည်း တော်လှန်ရေး အင်အားစုတွေကိုရော၊ တိုင်းရင်းသား အစုအဖွဲ့တွေကိုပါ ပစ်မှတ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြမ်းတမ်းရက်စက်တဲ့ တုံံ့ပြန် ဖြိုခွင်းမှုတွေ လုပ်ဆောင်နေပါတယ်။

အဲဒီလောက်တွေ ဇာတ်ရှုပ်နေတဲ့ အခါကျတော့ နိုင်ငံတကာ ဥပဒေတွေ စံနှုန်းတွေနဲ့ ကြားဝင် ကိုင်တွယ်ဖို့ ဆိုတာက ခက်ခဲသွားပါတယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗန်းရှင်းရဲ့ အကျုံးဝင်မှုဟာ တိကျတဲ့ လူမျိုးစု၊ နိုင်ငံသားဖြစ်မှု၊ မျိုးနွယ်စု၊ ကိုးကွယ်ယုံကြည်မှု တစ်ခုကို ပစ်မှတ်ထားခြင်းနဲ့သာ သက်ဆိုင်ပါတယ်။ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေ ဆိုတာက အယုတ်၊ အလတ်၊ အမြတ်မရွေး အားလုံးအပေါ် စိတ်လိုလက်ရ ကျူးလွန်နေတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ လူမျိုးရေး မုန်းတီးလို့ သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ အကြုံးမဝင်ပါဘူး။ ယူကရိန်း၊ ပါလက်စတိုင်းတို့နဲ့ နောက်ထပ် မတူတဲ့ အခြေအနေ တခုကတော့ နိုင်ငံတကာ ဥပဒေတွေဟာ နိုင်ငံတွေ အချင်းချင်းကြား ပဋိပက္ခတွေ အတွက်ပဲ အဓိက ရည်ရွယ် ရေးဆွဲထားတာ ဖြစ်ပါတယ်။ အင်အားသုံးတာကို တားမြစ်တဲ့ အရေးယူ တားမြစ်မှုမျိုးတွေ ဆိုတာကလည်း နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်ကိုပဲ ကန့်သတ်လို့ ရပါတယ်။ ဒီတော့ စစ်တပ်နဲ့ ပြည်တွင်း လက်နက်ကိုင် အင်အားစုတွေ၊ ဒါမှမဟုတ် အရပ်သားတွေကြားက ပဋိပက္ခအပေါ် အဲဒီဥပဒေတွေက သက်ရောက်မှု မရှိနိုင်သလို ဖြစ်နေပါတယ်။

ယူကရိန်း၊ ပါလက်စတိုင်း ပြဿနာတွေနဲ့ မြန်မာ့ ပဋိပက္ခကို နှိုင်းယှဉ်တဲ့အခါ နိုင်ငံတကာ ဥပဒေတွေရဲ့ သက်ရောက်နိုင်စွမ်း ကွာဟသွားတာဟာ ပထဝီဝင် နိုင်ငံရေး ညွှန်ကိန်း တချို့နဲ့လည်း ဆက်စပ်နေပြန်ပါတယ်။ နိုင်ငံတကာ ဥပဒေတွေနဲ့ ပတ်သက်လို့ မြန်မာအပါအဝင် နိုင်ငံအလိုက် လေးစားလိုက်နာမှု အခြေအနေတွေ မတူကြသလို ရုရှားနဲ့ တရုတ်တို့လို အင်အားကြီး နိုင်ငံတွေကလည်း အာဏာသိမ်း မြန်မာစစ်တပ်ကို ဆက်လက် အားပေး ထောက်ခံနေဆဲပါ။

ICCရဲ့ ဥပဒေတွေကလည်း ရောမစတက်ကျုပါ သတ်မှတ်ချက်တွေအပေါ် အခြေတည်ထားပေမယ့် ပြစ်မှုကျူးလွန်တဲ့ နိုင်ငံအလိုက်၊ လူပုဂ္ဂိုလ်အလိုက် တရားစွဲဆိုနိုင်တဲ့ စံနှုန်းတွေဟာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပစ်မှတ်ထား အရေးယူနိုင်ဖို့ အံချော်နေတာတွေ ရှိပါတယ်။ ICC လုပ်လို့ရတဲ့ နောက်တနည်းက စစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆီ တင်ပြတာမျိုးပါ။ ဒါပေမဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေရဲ့ အပေါင်းအပါ တရုတ်နဲ့ ရုရှားတို့ဟာ တင်ပြလာတဲ့ ကိစ္စတိုင်းကို ဗီတိုအာဏာသုံးပြီး ပယ်ချမယ်ဆိုတာ ကျိန်းသေနေပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆိုတာကလည်း များသောအားဖြင့် တံခါးပိတ် ဆွေးနွေးကြတာဖြစ်ပြီး ၃ နှစ်အတွင်း ပွင့်လင်းတဲ့ ဆွေးနွေးမှု ၃ ကြိမ်သာ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန် ကတည်းက မြန်မာ့ အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ သဘောတူ ဆုံးဖြတ် ကြေညာနိုင်ခဲ့တာ တခုပဲရှိပြီး အဲဒါက ပြည်တွင်း ပဋိပက္ခတွေ အဆုံးသတ်ရေး တောင်းဆိုခြင်း ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားတို့ကတော့ မဲမပေးဘဲ ကြားနေခဲ့ကြပါတယ်။ အဲဒီနှစ်နိုင်ငံတွေက နိုင်ငံတကာ ဥပဒေတွေဟာ လိုရာဆွဲပြီး ကိုယ့်သဘောနဲ့ကိုယ် အသုံးချလို့ မရနိုင်ဘူး ဆိုတာမျိုး အကြောင်းပြချက် ပေးခဲ့ကြတယ်။ ဧပြီလတုန်းကဆိုရင် ရုရှားက ICCနဲ့ ICJတို့ဟာ ရှိရင်းစွဲ အရေးအခင်းတွေ၊ စိန်ခေါ်မှုတွေကို အကြောင်းပြုပြီး အမြတ်ထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်ဖို့ အခွင့်အလမ်းတွေ ခေါင်းပါးနေတဲ့ ပြဿနာဟာ ပြည်တွင်း ဥပဒေ နောက်ခံ အခြေအနေတွေကြောင့်လည်း ပိုဆိုးရွားသွားစေတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်ခင် ကတည်းက မြန်မာ့ တရားရေး စနစ်ဟာ အဂတိ ထူပြောပြီး လုံလောက်တဲ့ ယုံကြည်စိတ်ချရမှု အခြေအနေမျိုး မရှိဘူးလို့ သတ်မှတ် ခံခဲ့ရပါတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ စစ်တပ်ဟာ တရားရုံးချုပ် တရားသူကြီးတွေကို စစ်တပ် အလိုတော်ရိတွေနဲ့ အစားထိုးလိုက်ပါတယ်။ လူ့အခွင့်အရေး ကဏ္ဍနဲ့ ပတ်သက်လို့ မြန်မာ့ တရားရေး မူဘောင် သတ်မှတ်ချက်တွေက အရင်ကတည်းက အားနည်းခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် လေးခုထိ လက်မှတ်ရေးထိုးထားဖူးပေမယ့် နိုင်ငံရဲ့ ဥပဒေတွေထဲ ထည့်သွင်းသတ်မှတ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် တရားရုံးတွေမှာ လက်တွေ့ ကျင့်သုံးဖို့ မဖြစ်နိုင်ပါဘူး။ အခြေခံ ဥပဒေရေးရာ အကာအကွယ်တွေကလည်း အကန့်အသတ်တွေ၊ အားနည်းချက်တွေ ထူပြောနေပြန်ပါတယ်။

ပါလက်စတိုင်းနဲ့ ယူကရိန်း ကိစ္စတွေမှာ ICCနဲ့ ICJတို့ရဲ့ တုံ့ပြန်ပါဝင်မှုတွေကို ကြည့်မယ်ဆိုရင် မြန်မာဟာ နိုင်ငံတကာ ဥပဒေ သက်ရောက်နိုင်စွမ်းနဲ့ တဖြည်းဖြည်း ပိုဝေးကွာလာတာကို မြင်သာစေပါတယ်။ ဒီလို ပြဿနာကြီးတွေ၊ ပဋိပက္ခတွေမှာ အဲဒီ တရားရုံး နှစ်ခုရဲ့ ကြားဝင်နိုင်စွမ်းဟာ အားကောင်းနေဆဲ ဆိုပေမယ့် မြန်မာနဲ့ ပတ်သက်ရင်တော့ နိုင်ငံတကာ အရေးယူ တုံ့ပြန်နိုင်မှု အလားအလာတွေက မှုန်ဝါး ဖျော့တော့နေဆဲ ဖြစ်ပါတယ်။

(East Asia Forum၏ Myanmar remains off the international legal agenda ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)