ဩဂုတ် ၊ ၁
ဆန္ဒအလျောက် စစ်မှုထမ်းသူတွေကို လက်မှတ်ထိုးကြေး နှစ်ဆတိုးပေးမယ့် ဥပဒေကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါတယ်။
ဇူလိုင် ၃၁ ရက်နေ့မှာ ပူတင် လက်မှတ်ထိုးပေးလိုက်တဲ့ ဥပဒေဟာ ယူကရိန်း စစ်မြေပြင်ကို စေလွှတ်နိုင်မယ့် စစ်အင်အား ပိုမို စုစည်းနိုင်ရေး အထောက်အပံ့ ဖြစ်အောင် ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် ရုန်းကန်နေရတဲ့ နိုင်ငံစီးပွားရေးမှာ ပိုပြီး ဟန်ချက် ယိမ်းယိုင်မှုတွေ ပေါ်ပေါက်လာစေနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ဥပဒေသစ်အရ ရုရှားအတွက် စစ်မှုထမ်းပေးဖို့ ဆန္ဒအလျောက် ကမ်းလှမ်းလာသူတိုင်းဟာ စစ်မှုထမ်း လက်မှတ်ထိုးကြေး ရူဘယ် ၄ သိန်း၊ တနည်းအားဖြင့် ဒေါ်လာ ၄၇၀၀ နီးပါး လက်ခံရရှိမှာ ဖြစ်ပါတယ်။
အဲဒီဥပဒေမှာတော့ ဒေသအလိုက် အစိုးရ အသီးသီးနဲ့ အုပ်ချုပ်မှု အစုအဖွဲ့ အသီးသီးဟာ တပ်သားသစ် စုဆောင်းမှုတွေမှာ အလားတူ၊ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ ပေးချေမှုမျိုး လုပ်ဆောင်စေရမယ်လို့ ထည့်သွင်း သတ်မှတ်ထားပါတယ်။
ရုရှားဟာ ဆန္ဒအလျောက် စစ်မှုထမ်းသူတွေအတွက် လုပ်ခလစာ ရူဘယ် ၂၀၄၀၀၀ ပေးချေမယ်လို့ မက်လုံးပေးထားပြီး အမိန့်သစ်အရ ဆိုရင်တော့ ဆန္ဒအလျောက် စစ်မှုထမ်းဖို့ စာရင်းပေးသူ တစ်ဦးဟာ ပထမဆုံး နှစ်အပြီးမှာ လစာနဲ့ တခြားခံစားခွင့်တွေ စုစုပေါင်း ရူဘယ် ၃.၂၅ သန်း (၃၈၀၀၀ ဒေါ်လာနီးပါး) ရရှိမှာ ဖြစ်ပါတယ်။
ဒီလို ငွေကြေးအရ မက်လုံးပေးမှုတွေဟာ ၂၀၂၂ တုန်းကလိုမျိုး နိုင်ငံအနှံ့ လူငယ်လူရွယ်တွေကို အတင်းအကျပ် စစ်မှုထမ်းဖို့ ဖိအားပေး ခေါ်ယူရတဲ့ အခြေအနေကနေ ရုရှားကို ရှောင်လွှဲစေနိုင်ခဲ့ပေမယ့် နိုင်ငံစီးပွားရေးမှာတော့ ဝန်ပိမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
၂၀၂၃ ခုနှစ်တုန်းက စာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ စစ်သည် ၄၉၀၀၀၀ လောက် ရှိခဲ့ပြီး အခုနှစ်မှာတော့ ဆန္ဒအလျောက် စစ်မှုထမ်းဖို့ ဆက်သွယ်သူ ဦးရေတင် ၁၉၀၀၀၀ ဝန်းကျင်ထိ များပြားခဲ့ကြောင်း ရုရှားက ထုတ်ပြန်ထားပါတယ်။
Ref: CNA