နာမည်ဆိုးနဲ့ ကျော်ကြားသူ တစ်ဦးကို ယူကရိန်းဆိုင်ရာ စစ်ဦးစီးအဖြစ် ရုရှားခန့်အပ် 

ယူကရိန်းက စစ်ဆင်ရေး အားလုံးကို ကြီးမှူးကွပ်ကဲဖို့အတွက် သွေးဆာရက်စက်သူ တစ်ယောက်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ကို ရုရှား အစိုးရက တာဝန်ပေး ခန့်အပ်လိုက်ပါတယ်။ 

ရုရှားနဲ့ ခရိုင်းမီးယားတို့ကြား ဆက်သွယ်ထားတဲ့ တံတားပေါ်မှာ ဖောက်ခွဲတိုက်ခိုက်မှု ခံခဲ့ရတဲ့ နေ့မှာပဲ သမ္မတ ဗလာဒီမာ ပူတင်က ဗိုလ်ချုပ်ကြီး ဆာဂျီ ဆူရိုဗီကင်ကို ယူကရိန်း အထူးစစ်ဆင်ရေး စစ်ဦးစီး အရာရှိ အနေနဲ့ တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။ 

ဆူရိုဗီကင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ ရုရှားစစ်တပ်ရဲ့ ဝါရင့် စစ်ဗိုလ်ချုပ် တစ်ဦးလည်းဖြစ်ပြီး ၂၀၁၇ က ဆီးရီးယား ပြည်တွင်းစစ်မှာ ရုရှားက ပါဝင်စွက်ဖက်ချိန်ကလည်း စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲအဖြစ် တာ​ဝန်ယူခဲ့ဖူးပါတယ်။ 

ဆီးရီးယားမှာတုန်းက သူဟာ အရပ်သား ဧရိယာတွေကိုပါ မရှောင်ဘဲ ဗုံးကြဲတိုက်ခိုက်တာမျိုး ကျင့်ဝတ်ပိုင်းအရ မေးခွန်းထုတ်ရမယ့် စစ်ရေးဗျူဟာတွေကို အသုံးပြုခဲ့ပါတယ်။ သူ့ကို ယူကရိန်း စစ်ဆင်ရေးဆိုင်ရာ စစ်ဦးစီး အရာရှိအဖြစ် တာဝန်ပေးလိုက်ခြင်းက ရုရှား အစိုးရ အနေနဲ့ ရှေ့တန်း စစ်မြေပြင်မှာ အခြေမလှ ဖြစ်နေပြီ ဆိုတာကို လက်တွေ့ကျကျ လက်ခံလာပြီး သိသာတဲ့ အပြောင်းအလဲတွေ စတင် လုပ်ဆောင်လာတဲ့ အဓိပ္ပါယ်လို့ ယူဆရပါတယ်။ 

သူဟာ တရားမဝင် လက်နက်တွေ ရောင်းချမှု၊ ၁၉၉၁ ခုနှစ်တုန်းက မအောင်မြင်ခဲ့တဲ့ ရုရှား အာဏာသိမ်းပွဲမှာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွင်းတဲ့ တပ်ဖွဲ့တစ်ခုကို ဦးဆောင်ခဲ့မှုတွေနဲ့ ဆက်စပ်ပြီး ထောင်ဒဏ်တွေ ကျခံခဲ့ရဖူးပါတယ်။ သူဟာ တာဂျစ်ကစ္စတန်နဲ့ ချီချင်ညာတို့မှာလည်း စစ်ဆင်ရေး တာဝန်တွေ ယူခဲ့ဖူးပါတယ်။ 

ဆူရိုဗီကင်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် အဂတိ လိုက်စားမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့သာ ထုံမွှမ်းနေတာကို တွေ့ရလိမ့်မယ်လို့ ဗြိတိန် ထောက်လှမ်းရေး အရာရှိ တစ်ယောက်က ဆိုပါတယ်။ ၁၉၉၁ ခုနှစ်က ဆိုဗီယက်ရဲ့ သဘောထား တင်းမာတဲ့ အင်အားစုတွေ ကျူးလွန်ခဲ့တဲ့ အာဏာသိမ်းဖို့ အားထုတ်မှုမှာ ဆူရိုဗီကင်က ဗိုလ်ကြီးအဆင့် အနေနဲ့ ရိုင်ဖယ်တပ်ဖွဲ့ တစ်ခုကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ဆန္ဒပြသူတွေ ချထားတဲ့ အတားအဆီးတွေကို ကားနဲ့ အတင်းဝင်တိုက်ပြီး ဖြိုခွင်းပစ်ခဲ့တာကြောင့် ကားနဲ့ အကြိတ်ခံရသူ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။ 

ယူကရိန်းက စစ်ဆင်ရေးတွေကို ဦးစီးဖို့ ဆူရိုဗီကင်ကို ကာကွယ်ပေးတာနဲ့ ပတ်သက်လို့ ရုရှားမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ သူ့ရဲ့ ဆိုးရွားတဲ့ နောက်ကြောင်း ရာဇဝင်တွေကြောင့် အခုလို အရေးပါတဲ့ ရာထူးမျိုး ပေးအပ်ခြင်းကို လက်မခံလိုသူတွေ ရှိနေသလို သဘောထား တင်းမာတဲ့ ရုရှား လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေကတော့ ကြိုဆို ထောက်ခံနေကြောင်း သိရပါတယ်။