ဆိန်းမြစ်ရေ အရည်အသွေး အချိန်မီ ပြန်ကောင်းလာလို့ ပါရီအိုလံပစ်ရဲ့ ထရိုင်သလွန်ပြိုင်ပွဲ ကျင်းပဖို့ အဆင်ပြေသွား

ဇူလိုင် ၊ ၃၁

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရဲ့ဂုဏ်ဆောင် ဆိန်းမြစ်ထဲမှာ အိုလံပစ် အစိတ်အပိုင်းအဖြစ် ထည့်သွင်းစီစဉ်ထားတဲ့ ထရိုင်သလွန် အားကစားသုံးမျိုး အရောပြိုင်ပွဲဟာ မြစ်ရေ အရည်အသွေး ပြန်လည် ကောင်းမွန်လာလို့ မူလ လျာထားတဲ့အတိုင်း ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။

ထရိုင်သလွန် ပြိုင်ပွဲရဲ့ အမျိုးသားနဲ့ အမျိုးသမီး ရေကူးအားကစားနည်းကို ဆိန်းမြစ်ထဲမှာ ဇူလိုင် ၃၁ ရက်နေ့ကျရင် ကျင်းပမယ်လို့ ပြိုင်ပွဲကျင်းပရေး တာဝန်ခံတွေက ပြောပါတယ်။ မူလကတော့ အားကစားသမားတွေဟာ မြစ်ကြောင်းရဲ့ အနေအထားနဲ့ အကျွမ်းတဝင် ရှိစေဖို့အတွက် အစမ်းရေကူးကြည့်ဖို့ အစီအစဉ်ကို မြစ်ရေ အရည်အသွေး စံမမီမှုကြောင့် ပယ်ဖျက်ခဲ့ရပါတယ်။

ဒါပေမဲ့ ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဆိန်းမြစ်ရေရဲ့ အရည်အသွေးဟာ နိုင်ငံတကာ သန့်စင်မှု စံနှုန်းအားလုံးနဲ့ ကိုက်ညီတဲ့ အဆင့်ကို ပြန်ရောက်နေတဲ့အတွက် ပြိုင်ပွဲကို မူလလျာထားတဲ့အတိုင်း ကျင်းပနိုင်မယ်လို့ ကြေညာနိုင်ခဲ့တာပါ။

ထရိုင်သလွန် ပြိုင်ပွဲသာ မကျင်းပနိုင်ဘူးဆိုရင် အိုလံပစ်အတွက် ဆိန်းမြစ်ကို ယူရို ၁ ဘီလီယံလောက် အကုန်အကျခံ သန့်စင်ထားတဲ့ မဟာအစီအမံကြီးအတွက် မျက်နှာပျက်စရာ ဖြစ်လာနိုင်ပါတယ်။ ပါရီ အုပ်ချုပ်ရေး အစိုးရအဖွဲ့ဟာ အခုနှစ် အိုလံပစ်ရဲ့ ဖွင့်ပွဲကို ဆိန်းမြစ်မှာ ကျင်းပခဲ့သလို ပြိုင်ပွဲကြီးရဲ့ အရေးပါတဲ့ ပုံရိပ်အဖြစ်လည်း ဆိန်းမြစ်ကို ထည့်သွင်းပေါင်းစပ်နိုင်အောင် အင်တိုက်အားတိုက် ကြိုးစားထားခဲ့ပါတယ်။

ဆိန်းမြစ်ရေထဲမှာ ဘက်တီးရီးယား ပါဝင်ပေါက်ပွားမှုဟာ သတ်မှတ်ပမာဏထက် များနေတာကြောင့် ပြိုင်ပွဲကျင်းပရေး ကိစ္စမှာ မရေမရာ အခြေအနေတွေ ကြုံတွေ့လာတာ ဖြစ်ပါတယ်။ ပြိုင်ပွဲ စီစဉ်သူတွေကတော့ အချိန်အခါမဟုတ် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေက အဲဒီလို မျှော်လင့်မထားတဲ့ အလှည့်အပြောင်းမျိုးဆီ ဦးတည်စေခဲ့တာလို့ အကြောင်းပြထားပါတယ်။

ပါရီမြို့ရဲ့ စွန့်ပစ်ရေဆိုး စနစ် တော်တော်များများကလည်း ဆိန်းမြစ်ကို တိုက်ရိုက် သက်ရောက်မှု ရှိစေတာကြောင့် ဆိန်းမြစ်ရဲ့ အရည်အသွေးကို ထိန်းညှိဖို့ ဆိုတာဟာ စိန်ခေါ်မှု ကြီးမားလွန်းတဲ့ အခြေအနေ တခု ဖြစ်ပါတယ်။

Ref: AFP