Photo – ABN
ဇူလိုင်၊ ၂၁
ဘူသီးတောင်နဲ့မောင်တောဒေသမှာ စစ်ကောင်စီသင်တန်းဆင်းရိုဟင်ဂျာ(မူဆလင်လို့သုံးထား)လက်နက်ကိုင်တွေက အရပ်သားပြည်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေဆက်တိုက်ကျူးလွန်နေလို့ သတိပြုသွားလာနေထိုင်ကြဖို့အာရက္ခတပ်တော်(AA)က ဒီကနေ့ဇူလိုင်၂၁ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဘူးသီးတောင်မြို့နယ် ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး ၇ ဦးဟာ ဇူလိုင် ၁၈ ရက်က မျှစ်ချိုးရန် သွားရောက်ကြစဥ် တစ်ရက်ကြာတဲ့အထိ ပြန်ရောက်မလာတဲ့အတွက် မိသားစုဝင်များက AAထံလာရောက်အကြောင်းကြားခဲ့တယ်လို့ ဖော်ပြပါတယ်။
ပျောက်ဆုံးနေသူတွေကို လိုက်ရှာဖွေခဲ့ရာ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးမှာ သူတို့ရဲ့အလောင်းတွေကို သေနတ်နဲ့ဓါးဒဏ်ရာတွေနဲ့အတူ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါခမီလူမျိုး ခုနှစ်ဦးက ရိုးရိုးသားသား လုက်ကိုင်နေတဲ့ အရပ်သားပြည်သူသာဖြစ်ပြီးစစ်ကောင်စီက သင်တန်းပေးလေ့ကျင့်ပေးထားတဲ့ ရိုဟင်ဂျာ(မူဆလင်လို့သုံးထား) အစွန်းရောက်လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တာလို့လည်း AAရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စစ်ကောင်စီမှ သင်တန်းပေးလက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်တွေက အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်၊ ဖမ်းဆီးငွေညှစ်တာ၊ မိုင်းထောင်တာ၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးတာနဲ့ ခြိမ်းခြောက်စာကပ်တာစတဲ့လုပ်ရပ်တွေကို ဆက်တိုက်ပြုလုပ်လာလို့ အရပ်သားပြည်သူတွေအနေနဲ့ ဟင်းရှာဖွေ၊သွားလာနေထိုင်တာတွေအထူးဂရုပြုဖို့ သတိပေးထားတာပါ။
အကြမ်းဖက်ကျူးလွန်သူတွေကိုလည်း အာရက္ခတပ်တော်အနေနဲ့ အမြန်ဆုံးရှာဖွေဖော်ထုတ်အရေးယူသွားမှာဖြစ်ပြီး ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီ နဲ့ စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်တွေကို ထိုက်သင့်သလို တုံ့ပြန်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ မူဆလင်တွေကို အတင်းအားဓမ္မ စစ်သားစုဆောင်းသင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးနေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီကအတင်းအဓမ္မ စစ်သားစုဆောင်းလာပါက သူတို့ထိန်းချုပ်နယ်မြေတွေဆီလာရောက်ခိုလှုံနိုင်တယ်လို့လည်း AAကအသိပေးထားဖူးပါတယ်။
လူသစ်စုဆောင်းနေလို့ တိမ်းရှောင်နေတဲ့ ရိုဟင်ဂျာလူငယ်အချို့ကလည်း သူတို့အနေနဲ့ စစ်ကောင်စီလုပ်ရပ်တွေကို လက်မခံနိုင်ဘူးလို့လည်း DNAကိုပြောထားပါတယ်။