စစ်ကောင်စီ ရခိုင်ဝန်ကြီးချုပ် ကစစ် ရှောင်တွေကို နေရပ်မ​ဖြစ်မနေ ပြန်ဖို့ ဖိအားပေး

မတ်၊ ၁၃

အာဏာသိမ်းစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ထိန်လင်းဟာ ဘူးသီးတောင်မြို့နယ်က စစ်ရှောင်တွေနဲ့တွေ့ဆုံရာမှာ နေရပ်မပြန်မနေရ ပြန်ကြဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ စစ်ရှောင်တွေကပြောပါတယ်။

စစ်ကောင်စီဝန်ကြီးချုပ် ထိန်လင်းဟာ မတ်လ ၁၁ ရက်က ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဆီ သွားခဲ့ပြီး လာမယ့် မိုးရာသီမတိုင်ခင် နေရပ် မပြန်မနေရ ပြန်ကြဖို့ ပြောဆိုခဲ့တယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

“မပြန်လို့ မရဘူး၊ မိုးမကျခင် ပြန်ကြရမယ်လို့ ပြောတယ်၊ကျွန်တော်တို့က ပြန်လို့ အဆင်မပြေဘူးလို့ တင်ပြကြ တယ်၊ ဒါပေမယ့် မရဘူး၊ ပြန်ရမယ်၊ ကယ်ဆယ်ရေးစခန်းတွေဆိုတာ လုံး၀မရှိရဘူးဆိုပြီး ပြောတယ်”လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ရန်အောင်မြေစစ်ရှောင်စခန်းက စစ်ဘေးရှောင်ဒုက္ခ သည်တဦးက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်း ရွာလုံးကျွတ်ထွက် ပြေးနေကြရတဲ့ ကျေးရွာတွေကနေအိမ်တွေကို စစ်ကောင်စီ တပ်သားတွေက ဖျက်ဆီးပြီး သစ်၊ သွပ် ပြားတွေကို ရောင်းစားထားကြတဲ့အတွက် နေအိမ်တွေ ဆောက်ပေးဖို့ လိုကြောင်း စစ်ဘေးရှောင်တွေက တင်ပြခဲ့တဲ့အခါမှာလည်း စစ်ကောင်စီရခိုင်ဝန် ကြီးချုပ်က တုံ့ပြန်အော်ဟစ်မေးခွန်းထုတ်ခဲ့တယ်လို့ဆိုပါတယ်။

“အိမ်တွေကို စစ်သားတွေ ဖျက်ပြီး ရောင်းစားကြတယ်၊သစ်တွေ၊ ဝါးတွေကိုဆိုလည်း ထင်းဆစ်လိုက်ကြတယ်၊ပြန်ဆောက်ပေးရမယ်လို့ပြောတော့ စစ် သားတွေလုပ်တာ မင်းတို့ မြင်လားဆိုပြီး အော်ပြောတယ်၊ကျွန်တော်တို့က အမြဲတမ်း တွေ့နေတာလေ၊ သူတို့(စစ်သား)တွေ ယူနေတာကို၊ ကျွန်တော့်အိမ်လည်း မရှိတော့ဘူး”လို့  ဘူးသီး တောင်မြို့နယ်က နောက်ထပ်စစ်ဘေးရှောင်တဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေက သူတို့ရဲ့ နေရပ်မှာ မိုင်းတွေ ရှင်းလင်းပေးဖို့ တောင်းဆိုရာမှာလည်း မိုင်းရှင်းပေးဖို့ကတိပေးသွားတာမရှိဘူးလို့ စစ်ရှောင်တွေကပြောပါတယ်။

“ဘာမှ လုပ်ပေးမယ်လို့ မပြောဘူး၊ ပြန်ရမယ်လို့ပဲ ပြောတယ်၊ကျွန်တော်တို့မှာ ဘာပြန်ပြောလို့ရတော့မလဲ”လို့ စစ်ရှောင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လူနေကျေးရွာတွေအနီး စခန်းချနေထိုင်ကြပြီး မြေမြှုပ်မိုင်းတွေပါ ထောင်ထားကြ တဲ့အတွက် နေရပ် မပြန်ရဲကြတာဖြစ်ကာ စစ်ကောင်စီတပ်သားတွေ ရွာအနီးက ဆုတ် ခွာပြီး မိုင်းတွေ ရှင်းပေးမယ် ဆိုရင်တော့ နေရပ်ပြန်ကြမယ်လို့ ဘူးသီးတောင်မြို့နယ် နွားရုံတောင်ရွာ သား စစ်ရှောင်တဦးက ပြောပါတယ်။

“စစ်တပ်က အကုန်လုံး ရှိနေတာကို၊ကျွန်တော်တို့ရွာတွေက တောနား၊ တောင်နားမှာလေ၊ မိုင်းရှိတယ်၊ ရွာ ရောက်လို့ အပြင်ထွက်ရင် မိုင်းနင်းမိကြတော့မယ်၊ပြီးတော့ တခုခုဖြစ်လာရင် အဲဒီစစ်သားတွေက ရွာသားတွေကို ကာဗာယူကြမှာလေ၊တနေ့မဟုတ် တစ်နေ့ အဲလိုဖြစ်လာမှာ၊အဲတော့ ကျွန်တော်တို့မှာ ထပ်ပြေးကြရအုံး မယ်” လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့က စစ်ရှောင်ပြည်သူပေါင်း တထောင်ဝန်းကျင်ကို အခုလအတွင်းနေရပ်အတင်းပြန်ပို့ခဲ့ပြီး အဲဒီစစ်ရှောင်တွေဟာ နေ ရပ်မှာ စားဝတ် နေရေးအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။

ဘူးသီတောင်မြို့က စစ်ရှောင်တွေနဲ့ တွေ့ဆုံ တာနဲ့ပတ်သက်လို့ စစ်ကောင်စီ ထိန်းချုပ်မီဒီ ယာတွေမှာတော့ သဘောဆန္ဒအလျောက် နေ ရပ်တွေဆီပြန်ဖို့ ဆွေးနွေးခဲ့ကြ တယ်လို့ ဖော် ပြပါတယ်။

နေရပ်ပြန်မယ့်စစ်ရှောင်တွေကို စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ၊ပညာရေး၊ကျန်းမာရေးလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ဆွေး နွေးခဲ့တယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေကဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ရခိုင်ပြည်နယ်အတွင်းမှ စစ်ရှောင်တွေကို ရိက္ခာ ဖြတ်တောက်ထားခဲ့တာဖြစ်ပြီး နေရပ်ပြန်ဖို့လည်း ဖိအားပေးနေခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တိုက်ပွဲတွေတုန်းက ကျန်နေခဲ့တဲ့ စစ်ရှောင်ပေါင်း ခြောက်သောင်းကျော်ရှိပြီး ခု၂၀၂၂ခု နှစ်အတွင်း တကျော့ပြန်တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ကြရသူတွေနဲ့ပါဆိုရင် စစ်​ ရှောင်တသိန်းကျော်အထိ ရှိနေတယ်လို့ဒေသတွင်း အရပ် ဖက်အဖွဲ့အစည်းတွေက ဆိုထားပါတယ်။

ဓာတ်ပုံ – MDN